မြိတ်မြို့ မီတာခများ ကော့သောင်းထက် ဈေးမြင့်နေသဖြင့် လျော့ပေးရန် တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်။
မြိတ်တွင် ဧပြီလအတွက် လျှပ်စစ်မီတာခ ကောက်ခံခဲ့ရာတွင် ကော့သောင်းမြို့ထက် တယူနစ် ကျပ်သုံးဆယ် ကျော် ဈေးနှုန်းမြင့်တက်နေသဖြင့် ပြန်လည် လျှော့ပေါ့ပြင်ဆင် ကောက်ခံပေးစေချင်သည်ဟု ဒေသခံများက ပြောသည်။
မြိတ်မြို့နယ်အတွင်း လျှပ်စစ်မီးပေးဝေနေသည့် Petros & Trans ကုမ္ပဏီက ဧပြီလအတွက် တစ်ယူနစ် ၁၀၇၆ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကန်ဖျားရပ်ကွက်နေ အသက်၅၀ခန့်အရွယ် အမျိုးသားတစ်ဦးက “မီးပေးဝေရေးလုပ်ငန်းတွေက ဆီတွေကို အနည်းဆုံး ၂ လစာ ကြိုတင် သိုလှောင်ထားပြီးသားပါ။ ဆီဈေးတက်နေချိန် ပိုကောက်ခံနေတာ မပြောလိုပေ မယ့် ကျရင်လည်းပြန်ချပေးရမှာပေါ့။ အခုလို ကျဈေးနဲ့ဆို တယူနစ် ကိုးရာကျော်ပဲကျသင့်တယ်” ဟု ပြော သည်။
ယခင်က တနင်္သာရီတိုင်းဒေသကြီးတွင် လစဉ်မီတာခ ဈေးနှုန်း အမြင့်ဆုံးဖြစ်သည့် ကော့သောင်းမြို့တွင် လျှပ် စစ်မီး ဖြန့်ဖြူးနေသည့် အစိုးရ EPC မီးစက်နှင့် ပုဂ္ဂလိက ဖိုးသီးချိုမီးစက် လုပ်ငန်းနှစ်ခုရှိပြီး EPC က ကောက်ခံ သည့် လျှပ်စစ်မီတာခမှာ မတ်လတွင် တစ်ယူနစ်ကို ၁၀၆၀ ကျပ်ဖြစ်ပြီး ဧပြီလ၌ ၁၀၃၀ ကျပ်သာ ရှိသည်။
ပုဂ္ဂလိက ဖိုးသီးချို မီးလင်းရေး လျှပ်စစ်မီတာခမှာ မတ်လတွင် ၁၆၁၀ ကျပ်ဖြစ်ပြီး ဧပြီလအတွက် ၁၆၀၀ ကျပ် ရှိနေခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် လများကတည်းက စက်သုံးဆီဈေး ပြန်လည်ကျဆင်းနေပြီဖြစ်ပြီး လက်ရှိ ဒေသတွင်း ဒီဇယ် တစ်ပေ ပါကို ပေါက်ဈေး ၅ သိန်း ဝန်းကျင်သာ ရှိနေခြင်းကြောင့် မီတာခဈေးနှုန်းများ ပြန်လည်လျှော့ချ ကောက်ခံ ပေးသင့်သည်ဟု မြိတ်ဒေသခံများက ဆိုသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ဆီဈေးတက်နေစဉ်က မြိတ်မြို့တွင် တစ်ယူနစ်ကို ၁၁၂၈ ကျပ်ဖြင့် မီတာခ ဈေး အမြင့်ဆုံးဖြစ်ခဲ့ဖူးပြီး ယခုနှစ် ဆီဈေးများ ပြန်လည်ကျဆင်းလာချိန် ဇန်နဝါရီလတွင် ၁၁၂၃ ကျပ်၊ ဖေဖေါ်ဝါရီလ ၁၁၂၅ ကျပ်၊ မတ်လ၌ ၁၁၁၃ ကျပ်နှင့် ဧပြီလမှာ ၁၀၇၆ ကျပ်ဖြင့် ကောက်ခံနေကြခြင်း ဖြစ်သည်။
မြိတ်မြို့တွင် လျှပ်စစ်မီး ပေးဝေရေးလုပ်ငန်းအတွက်၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း လုပ်ကိုင်ခွင့်ရရန် လျှောက်ထားသည့် အဖွဲ့ ၆ ဖွဲ့ရှိသည့်အနက် HFO (လောင်စာဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်း) ဖြင့် ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးပေးမည်ဆိုသည့် Petros & Trans ကုမ္ပဏီက တယူနစ် ၂၉၂ ကျပ်ဈေးဖြင့် သက်တမ်း ၅ နှစ် ထုတ်လုပ်ရောင်းချခွင့် တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
သတ်မှတ်ထားသည့် တင်ဒါအောင်ဈေးဖြင့် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှ စတင်ဖြန့်ဖြူးခဲ့ပြီး တိုင်းအစိုးရ အဖွဲ့နှင့် သဘောတူ စာချုပ်အရ ၃ လ အပြည့်ရောင်းချပေးရန်၊ ၃ လပြည့်ပြီးတိုင်း အမေရိကန်ဒေါ်လာနှင့် မြန်မာ ကျပ်ငွေ လဲလှယ်မှုဈေးနှုန်းအပေါ် အခြေခံမူတည်၍ တယူနစ်ဈေးကို ပြောင်းလဲသတ်မှတ်ပေးရန်ကိုလည်း ချုပ်ဆိုထားခဲ့ကြခြင်း ဖြစ်သည်။
တင်ဒါ စည်းကမ်းသတ်မှတ်ချက်ပါ တွက်ချက်ထားသည့် ဈေးနှုန်းများအရ ဒီဇယ်တစ်ပေပါ ကာလပေါက်ဈေး တစ်သိန်းရှိလျှင် တစ်ယူနစ် ၂၃၈ ကျပ်နှုန်း၊ နှစ်သိန်းပေါက်ဈေးဖြင့် ၄၀၉ ကျပ်နှုန်း၊ သုံးသိန်းပေါက်ဈေးနှင့် ၅၈၀ ကျပ်နှုန်း ရှိရမှာဖြစ်ပြီး ၅ သိန်းပေါက်ဈေးဆိုပါက ၉၂၂ ကျပ်သာ ကျသင့်ကောက်ခံရမည်ဖြစ်သည်ဟု မြိတ်မြို့ခံ တစ်ဦးက ဆိုသည်။
ကုမ္ပဏီက တင်ဒါအောင်ထားသည့် HFO ၏ အကျိုးခံစားခွင့်ကိုလည်း ၃ နှစ်ကြာသည် အထိ မခံစားခဲ့ကြရခြင်း ကြောင့် စိတ်ပျက်မိပြီး ဆိုလာပြောင်းလဲ တပ်ဆင်အသုံးပြုဖို့ စဉ်းစားနေကြရသည်ဟု ဒေသခံများက ပြောသည်။
Petros & Trans ကုမ္ပဏီသည် ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းကိုလည်း လုပ်ပိုင်ခွင့် ရရှိထားသည်ဟု ထားဝယ်ဒေသခံများက ပြောသည်။
မဟာဓါတ်အားလိုင်း မရရှိသေးသည့် တနင်္သာရီတိုင်းအတွင်း သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားကို ထား ဝယ်ခရိုင် တစ်ခုတည်းသာ ရရှိနေပြီး ထားဝယ်မြို့တွင် လျှပ်စစ်မီး တစ်ယူနစ် ၄၀ဝ ကျပ်ဝန်းကျင်သာ ဖြစ်သည် ဟု ဆိုကြသည်။