စစ်ကောင်စီ တပ်ရင်းကို ပြည်သူ့ ကာကွယ်ရေး တပ်များ ဝင်တိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ထားဝယ်ခရိုင်အတွင်းက ကလိန်အောင်မြို့အနီးရှိ စစ်ကောင်စီ တပ်ရင်း ၂ ရင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ကျောက်ရှပ်ကျေးရွာ အခြေစိုက် ခမရ – ၄၀၉ နှင့် ခမရ – ၄၁၀ တပ်ရင်း များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မေလ ၂၉ ရက်နေ့၊ နံနက် ၅ နာရီခွဲ အချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တစ်နာရီနီးပါး အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မောရဝတီရေတပ်နှင့် ကြည်းတပ်တို့မှစစ်ကားနှစ်စီးဖြင့် ကလိန်အောင်မြို့ပေါ်တွင် ကင်းလှည့်ခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။
အလားတူ ကျောက်ရှပ်ကျေးရွာထဲသို့လည်း စစ်ကောင်စီတပ်သား အင်အား ၈၀ ကျော် ရောက်ရှိလာပြီး စာသင် ကျောင်းထဲတွင် တပ်စွဲထားပြီး လမ်းတလျှောက်ကိုလည်း ကင်းပုန်းများချထားသည်ဟု ဒေသခံများက ပြော သည်။
“မနက်အစောကြီး မိုးတောင် ကောင်းကောင်း မလင်းသေးဘူး။ သေနတ်သံတွေ လက်နက်ကြီးသံတွေ တစ်နာရီ လောက် ကြားနေရတာ” ဟု အသက် ၄၀ခန့်အရွယ် ကျောက်ရှပ်ရွာသား တစ်ဦးကပြောသည်။
တစ်နာရီ နီးပါးကြာသည့် တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဝင်ဝင်များ ထိခိုက်သေဆုံးမှုမရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့ သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ခရီးသည် တင်ယာဉ်များနှင့် ကုန်ကားများ ရှေ့ဆက်သွားလာ၍ မရဘဲ လမ်းများပါ ခေတ္တပိတ်သွားခဲ့ပြီး နံနက် ၉ နာရီကျော်မှ ပြန်သွားခွင့်ရသည်ဟု ဒေသခံများက ပြောသည်။
ညနေပိုင်း အချိန်ထိ ကျောက်ရှပ်ရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် စစ်ကြောင်း ထိုးနေပြီး ကံပေါက် – ကလိန်အောင်သွား လမ်းပိုင်းတစ်လျှောက် နေရာ ၃ နေရာတွင်လည်း မောရဝတီရေတပ်မှ ခရီးသွားလာသူများကို ဂိတ်ဖွင့် စစ်ဆေးမှုများလုပ်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။
မေလ ၂၀ ရက်နေ့ကလည်း ကျောက်ရှပ်ကျေးရွာမှ စစ်ကောင်စီ သတင်းပေးဆိုသူ ၂ဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဖမ်းဆီးစစ်ဆေးပြီး သတိပေးမှုတွေ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။
ကလိန်အောင်မြို့အနီးရှိ ကျောက်ရှပ်ကျေးရွာသည် ရေး – ထားဝယ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ် တွင် ရှိပြီး စစ်ကောင်စီ၏ ခမရ-၄၀၈၊ ခမရ-၄၀၉၊ ခမရ-၄၁၀ တပ်ရင်းများ ရှိသည်။