မုံးကိုးစစ်ရှောင်များ နေရာသစ်ပြောင်းရန် ငွေမရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၄ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးဒေသရှိ စစ်ဘေးရှောင် အိမ်ထောင်မိသားစု ၁၅၀ ခန့်က နေရာသစ်သို့ ပြောင်း ရွှေ့ရေး ငွေကြေးအခက်အခဲဖြစ်နေသည်ဟု ပြောသည်။
မုံးကိုးစစ်ရှောင်စခန်းတွင် အိမ်ထောင် မိသားစု ၂၂၀ နီးပါးရှိသည့်အနက် မိသားစု ၇၀ နီးပါးမှာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် နေရာသစ်သို့ ပြောင်းရွှေ့သွားပြီဖြစ်သော်လည်း ကျန်အိမ်ထောင်မိသားစုများမှာ မြေကွက်များ မဝယ် နိုင်သေးသောကြောင့် အခက်တွေ့နေကြခြင်း ဖြစ်သည်။
မုံးကိုး စစ်ရှောင်အမျိုးသားတစ်ဦးက “အပြင်မှာ တချို့က အခန်းငှားပြီး နေနေကြတယ်။ တချို့က နေရာချပြီး ရွာ သစ်တည် နေထိုင်နေကြသူတွေလည်း ရှိနေပြီ။ ဒါပေမယ့် အများစုက ဒီမှာ မြေကွက်တွေ ဝယ်ဖို့တောင် ငွေ ကြေးရေး အခက်အခဲတွေ များစွာရှိနေတဲ့ အတွက်ကြောင့်မို့လို့ အများစုက မပြောင်းရွှေ့နိုင်သေးဘူးပေါ့” ဟု ပြော သည်။
စစ်ကောင်စီ၏ စစ်ရှောင်စခန်းဖျက်သိမ်းရေး စီမံကိန်းကြောင့် ရှမ်းမြောက်ဒေသရှိ စစ်ရှောင်စခန်းအချို့မှာ နေရာ သစ်များ ရှာဖွေကာ ပြောင်းရွှေ့နေကြခြင်း ဖြစ်သည်။
စစ်ရှောင်များသည် ကိုယ်ထူကိုယ် မြေကွက်များကို အရစ်ကျပေး ဝယ်ကာ ဝါးအိမ်များဆောက်လုပ်ပြီးနေ ပြောင်းရွှေ့နေကြခြင်း ဖြစ်သည်။ သို့သော် အများစုမှာ အရစ်ကျပေး၍ပင် မဝယ်နိုင်ကြဘူးဟု ဆိုသည်။
စစ်ဘေးရှောင်များအတွက် အာဏာသိမ်းပြီးနောက်ပိုင်း ကူညီထောက်ပံ့မှုများ လျော့ကျသွားခဲ့သည့်အပြင် လက် ရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့်လည်း လုံခြုံမှု လုံးဝမရှိသည့် အခြေအနေကြောင့် နေရပ်ရင်း ပြန် လည်နေထိုင်ရေးကလည်း လုံးဝ မဖြစ်နိုင်ဟု စစ်ရှောင်များက ပြောသည်။
ထို့အပြင် အလုပ်အကိုင်ရှာဖွေ လုပ်ကိုင်ရန်လည်း နေ့စားအလုပ်များလည်း မရှိဟုဆိုသည်။
စစ်ကောင်စီ၏ စခန်းဖျက်သိမ်းရေး စီမံကိန်းကြောင့် မုံးကိုးစစ်ရှောင်များသည် ရွာသစ်ပုံစံမျိုးဖြင့် ပြောင်းရွှေ့ ကာ ပြန်လည်နေရာချထားရေးကိုလည်း ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရသည်။
အများစုက မပြောင်းရွှေ့နိုင်သေးသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် မုံးကိုးစစ်ရှောင်များကို ကူညီပေးစေချင်သည်ဟု ပြောသည်။
“အခုကျနော်တို့ လုပ်ဆောင်နေတဲ့ ရွာသစ်ပြောင်းရွှေ့ နေထိုင်ရေး စီမံကိန်းမှာ အဓိကကတော့ ဒီ အိမ်ဆောက် လုပ်ဖို့ မြေယာဝယ်တာတွေ၊ မြေညှိ၊ မြေဖို့လုပ်တာတွေ ဒါတွေက နံပါတ်တစ် အကူအညီ လိုအပ်တာပေါ့နော်။ စစ်ရှောင်စခန်းဆိုတော့ ခက်ခဲတာတွေက အများကြီးပဲလေနော်။ စားဝတ်နေရေးကအစ၊ လူနေဖို့နေရာတွေ၊ ကလေးတွေရဲ့ ပညာရေးတွေက အစပေါ့၊ အခုဒီနိုင်ငံရေး အခြေအနေကြောင့် အများကြီးရှိနေတာပေါ့” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
စစ်ရှောင်များသည် လက်ရှိအချိန်ထိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တစ်ခုတည်း၏ စားဝတ်နေရေး အတွက် လစဉ်ထောက်ပံ့ကြေး အကူအညီကို ရရှိခြင်း ဖြစ်ပြီး ရွာသစ်ပြောင်းရွှေ့နေထိုင်ရန် လိုအပ်သည့် မြေ ယာ ဝယ်ယူနိုင်ရေးနှင့် အိမ်ဆောက်လုပ်ရေးကိုမူ မည်သည့်အဖွဲ့အစည်းကမှ မကူညီသေးဘူးဟု စစ်ရှောင်များ က ပြောသည်။
စစ်ရှောင်များသည် လက်ရှိနိုင်ငံရေး အခြေအနေကြောင့်လည်း ဝင်ငွေရနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်း များလည်း ရှားပါးနေပြီး ကုန်စျေးနှုန်းများလည်း အဆမတန် တက်နေသောကြောင့် ပိုမို ခက်ခဲနေရခြင်း ဖြစ်သည် ဟု ပြောသည်။
စစ်ကောင်စီက ယခုနှစ်၊ မတ်လ ၁၄ ရက်နေ့၌ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ရှောင်စခန်းအသီးသီးက တာဝန်ရှိ သူများကို ခေါ်ယူကာ မတ်လနှင့် ဧပြီလအတွင်း ပြောင်းရွှေ့ကြရန် ပြောဆိုခဲ့သည်။ မတ်လတွင် ရှမ်းမြောက်ရှိ စစ်ရှောင်စခန်း ၇ ခုနှစ် ဧပြီလတွင် စစ်ရှောင်စခန်း ၈ ခု ဖျက်သိမ်းရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မတ်လနှင့် ဧပြီလအတွင်း ဖျက်သိမ်းရမည့် စစ်ရှောင်စခန်းများမှာ နမ့်ဖက်ကာ KBC စစ်ရှောင်စခန်း၊ အောင်သပြေ စစ်ရှောင်စခန်း၊ မိုင်းယုလေး စစ်ရှောင်စခန်း၊ ကာလှိုင်ဇွပ်အောင် စစ်ရှောင်စခန်း ၁ နှင့် ၂၊ ပန်ကူစစ်ရှောင်စခန်း၊ လွယ်မုန်းစစ်ရှောင်စခန်း၊ နမ္မတူ စစ်ရှောင်စခန်း၊ မုံးကိုး စစ်ရှောင်စခန်း၊ ကွတ်ခိုင် KBC စစ်ရှောင်စခန်း ၁ နှင့် ၂၊ ကွတ်ခိုင် RC စစ်ရှောင်စခန်း၊ စိန့် သောမတ် စစ်ရှောင်စခန်း၊ နေဝန်းနီ စစ်ရှောင်စခန်း စသည့်တို့ ဖြစ်ကြသည်။