ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်။

ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ခန့် သေဆုံးခဲ့သည်။

တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ချောင်းညီကိုကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ခွပ်ဒေါင်း တမန်အဖွဲ့က ထုတ်ပြန်ထားသည်။

အသက် ၄၅ နှစ်အရွယ် ချောင်းညီကို ရွာသားတစ်ဦးက “တိုက်ပွဲ စဖြစ်ကတည်းကနေ ညနေ ၅ နာရီလောက် အထိ စစ်တပ်ဘက်က လက်နက်ကြီး အလုံး ၃၀ နီးပါး ပစ် နေတာ” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ကော်သူလေး Army/ KTLA-TCJF နှင့်အတူ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖြစ် သည့် ခွပ်‌‌‌ဒေါင်းတမန် အထူးစစ်ကြောင်း (ဘက်မလိုက်ပြောက်ကျား – SWDF)၊ တနင်္သာရီရိုးမအဖွဲ့၊ တောဗုံးကြီး အဖွဲ့တို့က ၁ နာရီခန့်ကြာ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ခွပ်ဒေါင်းတမန်အဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကာ ပြည်သူ့ ကာကွယ် ရေး ပူးပေါင်းတပ်များဘက်မှလည်း နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ယခုတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၃၁ ရက်နေ့က ရမ်းဖိုရွာ၊ ချောင်းညီကိုရွာနှင့် ဘန်းလမွတ် ကျေးရွာတို့တွင် တစ်မနက်တည်း သုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ချောင်းညီကိုကျေးရွာက ဘုန်းကြီး ကျောင်းတွင် စစ်ကောင်စီတပ်မှ အင်အား ၃၀ ခန့် လာရောက်တပ်စွဲထားခြင်း ဖြစ်သည်။

နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမတ – ၃၀၆ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဆုတ်လမ်းဟု ယူဆရသော ရမ်းဖိုကျေးရွာ၊ ဘန်း လမွတ်ကျေးရွာများ ဘက်သို့ ပစ်ခတ်ခဲ့သေးသည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

နှစ်ဘက်ပစ်ခတ်မှုများကြောင့် ရွာသားများကလည်း ဘေးလွတ်ရာ တောတောင်များအတွင်း ထွက်ပြေး တိမ်း ရှောင်နေကြရချိန် မိုးများလည်း အဆက်မပြတ် ရွာသွန်းနေသဖြင့် နေစရာ အမိုးအကာများနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသည်ဟု ရွာသားများက ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း နှစ်ဖက်စစ်ရေး တင်းမာနေမှု အခြေအနေများ ဖြစ်ပေါ်နေသည့် ခရီးသွားပြည်သူများ အနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြဖို့ ဒေသတွင်း ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက အသိပေး မေတ္တာရပ်ခံ ထားသည်။