တိုးဂိတ်တွင် ဆိုင်ကယ်စီ လူငယ်အချို့ သေနတ်ဖြင့် ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် တိုးဂိတ်တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်စီးလူငယ်အချို့ကို သေနတ်နှင့် လိုက်လံပစ်ခတ်ခဲ့ရာ တစ်ဦးထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ကွတ်ခိုင်မြို့နယ်၊ ဖယိုင်းကျေးရွာအုပ်စု ပိန်းဟွယ်ကျေးရွာက အမျိုးသားတစ်ဦးသည် စုစည်းကျေးရွာရှိ သူငယ် ချင်းမွေးနေ့ကို သွားရာ တိုးဂိတ်တွင် စစ်တပ်က စစ်ဆေးမှုများ လုပ်နေသည်ကို မြင်တွေ့ပြီး နောက်ပြန်လှည့်ချိန် စစ်ကောင်စီတပ်သားများက သေနတ်နှင့် လိုက်ပစ်ခဲ့ခြင်း ဖြစ်သည်။

လိုက်လံပစ်ခတ်ခံရသူ တစ်ဦးက “ကျနော်တို့က သူငယ်ချင်းမွေးနေ့ သွားစားမလို့ပါ။ လူ ၆ ယောက်နဲ့ ဆိုင်ကယ် နှစ်စီးသွားကြတယ်။ တိုးဂိတ်အရှေ့နား ရောက်တော့ အရှေ့ကသွားတဲ့ သုံးယောက်ကို စစ်တပ်က စစ်ဆေးတာ။ ဘယ်သွားမှာလည်း မေးမြန်းတာပေါ့ ကျနော်တို့က အနောက်က စီးတာ ဆိုင်ကယ်မောင်းသူက ဘာလို့ နောက် ပြန် လှည့်လည်းမသိဘူး။ စစ်သားက မပြေးနဲ့အော်တော့ ကျနော်တော့ကြားတယ်။ မောင်းတဲ့သူက မရပ်တော့ စစ်သားက မောင်းတဲ့သူကို သေနတ်နဲ့ပစ်လိုက်တယ်” ဟု ပြောသည်။

ထိုဖြစ်စဉ်မှာ ဇွန်လ ၅ ရက်နေ့၊ ညနေပိုင်း ၈ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ စစ်သားများက ပစ်ခတ် လိုက်သည့် သေနတ်ကျည်ထိမှန်သွားသူ အမျိုးသားမှာ အသက် ၁၈ နှစ်အရွယ် မိုင်းအငို ဆိုသူဖြစ်သည်။

၎င်းအား ပစ်ခတ်ခံရသည့် ညတွင်းချင်းပင် ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုမှု ပေးခဲ့သော်လည်း စိုးရိမ်ရ သောကြောင့် ဇွန်လ ၆ ရက်နေ့က လားရှိုးဆေးရုံကြီးသို့ ပြန်လွှဲထားရသည်ဟု နီးစပ်သူများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မိုင်းအငိုမှာ မျက်နှာနှင့် နှာခေါင်းနေရာတို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး အရေးပေါ် ခွဲစိတ်ကုသမှု ခံယူနေရသည်ဟု ဆိုသည်။

ပိန်းဟွယ်ကျေးရွာခံ အမျိုးသမီးတစ်ဦးက “ဆိုင်ကယ် ပြန်လှည့်လာတဲ့ချိန်မှာ စစ်တပ်ဘက်က ပစ်လိုက်တော့ ဆိုင်ကယ်က မှောက်သွားတာ။ သုံးယောက် စလုံးတော့မထိဘူး။ နှစ်ယောက်က ဆိုင်ကယ်မှောက်တဲ့ ဒဏ်ရာ အနည်းငယ်ရသွားတယ်။ သူတို့က ကျေးရွာမှာ တောင်ယာတွေပဲ လုပ်စားကြတယ်။ ကွတ်ခိုင်ဆေးရုံမှာ ဆေးကု သနေချိန် စစ်တပ်နဲ့ရဲတွေက လာရောက်ပြီး စစ်ဆေးမေးမြန်းတာတွေရှိတယ်” ဟု ပြောသည်။

စစ်တပ်က ကွတ်ခိုင်မြို့နယ်အပြင် လားရှိုး-မူဆယ်လမ်းမကြီးပေါ်ရှိ ဂိတ်များနှင့် လမ်းပိုင်းနေရာများတွင် မကြာ ခဏ စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိသည်။

ခရီးသွားကားများ၊ ကုန်တင်ယာဉ်များအပြင် ဆိုင်ကယ်များကိုပါ ရှမ်းမြောက်ရှိ ကွတ်ခိုင်မြို့အပေါ်အဝင် မြို့နယ်အတော်များများ၏ မြို့အဝင်အထွက်ရှိ တိုးဂိတ်များတွင် စစ်ဆေးမှုများ လုပ်လေ့ရှိသည်။

အလားတူ ကွတ်ခိုင်မြို့နယ်အတွင်းလည်း စစ်ကောင်စီတပ်က မြို့နှင့်နီးသည့် ကျေးရွာများထဲ မကြာခဏ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်လေ့ရှိရာ ဒေသခံများကလည်း အမြဲတမ်း စိုးရိမ်ထိတ်လန့်စွာ နေကြရသည်ဟု ဆိုသည်။ စစ်ဆေးမှုတွေလည်း မကြာခဏ ပြုလုပ်နေပါတယ်။