စစ်ကောင်စီက ရွာသားအချို့ဖမ်း၊ ရွာလုံးကျွတ် ရွှေ့ပြောင်းခိုင်းနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်။
နယ်မြေစိုးမိုးရေး နှင့် PDF များ ရှာဖွေရှင်းလင်းရေးအတွက်ဟု ဆိုကာ ခြေလျင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဘန်းလမွတ်ရွာသား အချို့ကို ဖမ်းဆီးထားပြီး ရွာလုံးကျွတ် ရွှေ့ပြောင်းခိုင်းနေသည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းသည် ကျွဲသုံးပေါင် တောင်ကြောပေါ်မှ ဖမ်းဆီးထားသူ လူငယ် ၅ ဦးနှင့် အတူ ဘန်းလမွတ်ကျေးရွာထဲသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ဘန်းလမွတ် ရွာသားများကို လမ်းဘေးခေါ်ထုတ်ကာ လက်မြှောက်ဒူးထောက် ထိုင်ခိုင်းထားပြီး ရွာသားများအနေ ဖြင့် ကျေးရွာထဲမှ အမြန်ဆုံးရွှေ့ပြောင်း ထွက်ခွာပေးဖို့ကိုလည်း ဖိအားပေးခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ် PDF တပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးက “ဒီလို ပြောင်းရွှေ့ခိုင်းနေတာကတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေ ရေရှည်ရပ်တည်လို့မရအောင် စစ်ကိုင်း တိုင်း ဘက်ကလို ရွာတွေမီးရှို့ဖျက်စီးပြီး ရိက္ခာလမ်းတွေ ပြတ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ်လေးဖြတ်စနစ်ပုံစံ လုပ်တဲ့သဘောပါပဲ” ဟု ဆိုသည်။
ဘန်းလမွတ်၊ ရမ်းဖို၊ ညောင်ပင်ကုန်း၊ ချောင်းညီကိုကျေးရွာများတွင် ဇွန်လ ၆ ရက်နေ့က PDF တပ်များနှင့် တိုက် ပွဲများ ဖြစ်ခဲ့ပြီးနောက် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်း၌ စစ်ကောင်စီတပ်က ဘန်းလမွတ်ကျေးရွာအုပ်စု အတွင်းရှိ ကျွဲသုံးပေါင်တောင်ကြောသို့ လက်နက်ကြီးပစ်ကူ ယူကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာ ရီမြို့နယ် PDF တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
ဇွန်လ ၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကျွဲသုံးပေါင်တောင်ကြောပေါ်၌ ဥယျာဉ်ခြံ လုပ်ကိုင်နေသူ လူငယ် ၄ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး လက်နောက်ပြန်ကြိုးများတုတ်ကာ မျက်နှာ အဝတ်မည်းများအုပ်၍ ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်ဟု ဘန်းလမွတ်ရွာသားများက ပြောသည်။
စစ်ကောင်စီတပ်က တပ်ဆုတ်ပြန်ချိန် ပနပ်ငယ်ကျေးရွာ ရေတံခွန်အနီး အမျိုးသားတစ်ဦးလည်း ထပ်မံ ဖမ်းဆီး ခေါ်သွားခဲ့ခြင်းကြောင့် ဖမ်းဆီးခံရသူ ၅ ဦးရှိခဲ့သည်။
နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေစဉ် ကတည်းက ဒေသခံများမှာ နီးစပ်ရာ တောတောင် ဥယျာဉ်ခြံများထဲနှင့် မြို့ ရွာများသို့ ရှောင်တိမ်းနေကြရသည့်အတွက် ကျေးရွာများထဲတွင် သက်ကြီးရွယ်အိုများအပါအဝင် ကလေးငယ် များနှင့် ရွာသားအနည်းငယ်သာရှိတော့သည်ဟု ဒေသခံများကပြောသည်။
တနင်္သာရီမြို့နယ်အတွင်း မြိတ် – ကော့သောင်းသွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဘန်းလမွတ်၊ ညောင်ပင် ကုန်း၊ ကမ်းတို၊ ရမ်းဖို၊ ချောင်းညီကို စသည့် ကျေးရွာများအနီး စစ်ကောင်စီတပ်နှင့် ယာဉ်တန်းများမှာ မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံနေရခြင်းများကြောင့် ယခင်က နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လက်မှတ်ထိုး၍ စစ်တပ်က ခွင့်ပြုချက်ဖြင့် နေထိုင်ကြသူများပါ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဇွန်လ ၇ ရက်နေ့ကလည်း ချောင်းညီကိုကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ဘေးရှောင်နေရာမှ နေအိမ်သို့ ခေတ္တပြန်လာကာ အဝတ်အထည်များ လာယူသည့် ဘန်းလမွတ်ကျေးရွာအနီးက ညောင်ပင်ကုန်းရွာသား ၇ ဦးကိုလည်း စစ်ကောင်စီ လက်အောက်ခံ တနင်္သာရီ အခြေစိုက် ခမရ – ၅၅၆ တပ်ရင်းနှင့် အမြောက်တပ် အမတ – ၃၀၆ တပ်ရင်းတို့က ဖမ်းဆီးခဲ့သေးသည်ဟု ရွာသားများက ပြောသည်။