ရွာအုပ်ချုပ်ရေးမှူး နှစ်ပတ်အတွင်း သေနတ်ဖြင့် နှစ်ကြိမ် ပစ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်။
စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် သေနတ်ဖြင့် ပစ်ခတ် ခံရသဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံများက ပြောသည်။
ပစ်ခတ်ခံရသူမှာ ဦးဇော်ဝမ်း အသက် ၄၀ နှစ် ဆိုသူဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့၊ နေ့လယ်ပိုင်းက သရက်ချောင်း မြို့မှ ပြင်းဖြူသားကျေးရွာသို့ ကားဖြင့်ပြန်လာစဉ် အနောက်မှ ကပ်လိုက်ပါလာသည့် ဆိုင်ကယ်ဖြင့် လူနှစ်ဦးက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပြင်းဖြူသားရွာတွင်နေထိုင်သည့် အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “လက်မောင်းကို သေနတ်ကျည် ထိပြီး ထားဝယ်ဘက် ချက်ခြင်း ပြန်တက်သွားတယ်။ ရွာမှာတော့ ဘာမှမဖြစ်ခဲ့သလို သတင်းကိုဖုံးထားတယ်။ သူ က ပျူစောထီးခေါင်းဆောင်လည်း လုပ်နေတယ်” ဟု ပြောသည်။
သရက်ချောင်းမြို့နယ် ပိတိုင်ကျေးရွာနှင့် ချောက်ချောင်းကျေးရွာအကြားတွင် ဦးဇော်ဝမ်း ပစ်ခတ်ခံရခြင်းဖြစ်ပြီး ယခုပစ်ခတ်ခံရမှုသည် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။
ဦးဇော်ဝမ်းသည် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ အရပ်သား အစိုးရလက်ထက်တွင် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်တွင်လည်း စစ်ကောင်စီခန့် ကျေးအုပ်ချုပ်ရေးမှူးအဖြစ် ဆက်လက် လုပ်ကိုင်နေသူတစ်ဦး ဖြစ်သည်ဟု ဒေသခ့များက ပြောသည်။
ပထမအကြိမ် တိုက်ခိုက်ခံရမှုမှာ ဇွန်လ ၂ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က ဖြစ်ပြီး ဦးဇော်ဝမ်းနှင့် ကျောင်း ဆရာမ ၃ ဦးတို့ ကျောင်းသုံးစာအုပ်များ ထုတ်ပြီး သရက်ချောင်းမြို့မှ ပရိုဘောက်စ်ကားဖြင့် ပြန်လာစဉ် တိုက် ခိုက်ခံရခြင်း ဖြစ်သည်။
ဦးဇော်ဝမ်းနှင့် ကျောင်းဆရာမ ၃ ဦးတို့သည် ချောက်ချောင်းကျေးရွာအနီးမှာပင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။
မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရစဉ်ကလည်း ကားမဖြတ်သန်းမှီ မိုင်းက ဦးစွာကြိုတင် ပေါက်ကွဲသွားခဲ့သဖြင့် ကံကောင်း ထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟု နီးစပ်သူအချို့က ဆိုသည်။
ဇွန်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့ ညနေပိုင်းအချိန်ထိ သရက်ချောင်းမြို့နယ်အတွင်းရှိ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင် ရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကနက်သီရိကျေးရွာများထဲသို့ စစ်ကောင်စီမှ နယ်မြေစိုးမိုးရေးနှင့် ရှင်းလင်းရေး အတွက် စစ်ကြောင်းထိုးဝင်ရောက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေကာ နှစ်ဘက် ကြား စစ်ရေးတင်းမာနေသည်ဟု ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့နယ်အတွင်း မြိတ် – ထားဝယ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ် ခရီးသွားလာသည့် ပြည်သူများအနေဖြင့် ည ၉ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးကြေညာထားသည်။