စစ်ကောင်စီ စစ်ကြောင်းက နေအိမ်များမီးရှို့၊ ရွာ ၁၃ ရွာမှ ရွာသားများ စစ်ရှောင်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်။
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ထဲရှိ ကျေးရွာပေါင်း ၁၃ ရွာက ဒေသခံများ စစ်ဘေးရှောင်နေရပြီး လူနေအိမ်များ လည်း မီးရှို့ဖျက်ဆီးခံနေရသည်ဟု ဒေသအတွင်း ကူညီပေးနေသူများက ပြောသည်။
နေအိမ်များ ဇွန်လ ၁၄ ရက်နေ့က မီးရှို့ခံနေရခြင်း ဖြစ်ပြီး ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေ ရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ က ပြော သည်။
ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက “အဲနေ့က စစ်ကြောင်းက ၃ ကြောင်းထိုးလာ တာကို အဲ့ရွာ ၁၃ ရွာ လောက်က အဲဒီတစ်ရက်တည်းပဲ ရှောင်လိုက်ရတာပေါ့။ ခမရ ၃၆၁ ကတစ်ကြောင်းရယ် နောက်တစ်ခုက ကျွန်းလှကနေထွက်ခဲ့တဲ့ တစ်ကြောင်းရယ်၊ နောက် ကန့်ဘလူဘက်ကနေ ထွက်ခဲ့တာ စစ် ကြောင်း တစ်ကြောင်းရယ် အားလုံး ၃ ကြောင်း ဖြစ်သွားတာပေါ့။ အဲနေ့က ရှမ်းကုန်းရွာ တစ်ရွာပဲ မီးရှို့ခံရ တယ်” ဟု ပြောသည်။
ရှမ်းကုန်းကျေးရွာရှိ လူနေအိမ် ၄ လုံး နှင့် စပါးကျီး ၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး ၎င်းရွာသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ လ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် ပျူစောထီးတို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅ လုံး ပျက်စီးခဲ့ သည်။
စစ်ဘေးရှောင်နေရသည့် ကျေးရွာများမှာ ရှမ်းကုန်းရွာ၊ ကြာတကန်၊ ထန်းပင်ကုန်း၊ ပင့်သာ၊ ချောင်းကြား၊ ဖလား ရ၊ အင်းမ၊ နဂါးပေါ်၊ အုတ်ခင်း၊ ဟင်းဖြူတော၊ ပင်းတဲ၊ အင်ကြင်းစု နှင့် အင်ကြင်းမြိုင် စသည့် ကျေးရွာတို့မှ ပြည် သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
မေလတွင်လည်း ကန့်ဘလူခရိုင်၌ စစ်ဘေးရှောင်သူ ၅ သောင်း ကျော်ရှိလာခဲ့ပြီး ကျေးရွာ ၁၇ ရွာအားလည်း စစ် ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှား သူများအဖွဲ့မှ တာဝန်ရှိ သူက ပြောသည်။
ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် စခန်းများ၌ အမြဲတမ်း နေထိုင်သူ ၃ သောင်းကျော်ရှိပြီး ၂ သောင်းကျော်ခန့် သည့် စစ်ကြောင်းထိုးချိန်၌သာ ထွက်ပြေးနေကြရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက ဆိုသည်။
“အဲမှာစစ်ရှောင်က စစ်ကြောင်းထိုးလို့ ခဏတစ်ဖြုတ်ရှောင်ရတာပေါ့ တစ်ရက်နှစ်ရက်ရှောင်ရတဲ့ စစ်ရှောင်တွေ က ပိုခက်ခဲတဲ့ ထဲတော့ မပါဘူးလို့ ပြောလို့ရတယ်၊ ရေရှည်စစ်ရှောင်နေရတာတွေရှိတယ် အမြဲတမ်းစစ်ရှောင် ခေါ်တယ်ပေါ့ ရွာထဲမနေပဲ တောထဲတဲထိုးပြီးတော့မှ နေရတဲ့ဟာတွေရှိတယ်၊ အမြဲတမ်းစစ် ရှောင်က ၃ သောင်း အထက်ရှိမယ်လို့ ခန့်မှန်းတယ်၊ ပြေးနေရတာက ၂ သောင်းကျော် တကယ်တမ်းဆို ၅ သောင်းအကျော် လောက် မှာရှိမယ်” ဟု ပြောသည်။
ထို့အပြင် ကန်ဘလူခရိုင်ရှိ စစ်ရှောင်စခန်းများ၌ မြွေကိုက်ခံရသူ များလာသလို့ ဆေးဝါးနှင့် အခြေခံ စားသောက် ကုန်များလည်း လိုအပ်နေသည်ဟု ၎င်းတာဝန်ခံက ဆက်ပြောသည်။ ယခုလအတွင်း မြွေဆိုး ကိုက်ခံရသူ ၆ ဦးရှိ နေပြီဖြစ်သည်။
“ရေရှည်ကျတော့ ခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်ဆီဆားတို့ မိုးကာတို့ ဒါတွေလိုလာတယ်၊ နောက် ရေ သောက်ရဖို့ ခက်လာတာမျိုးတွေရှိတယ်။ နောက်တစ်ခု အခြေခံဆေးဝါးတွေပေါ့ လိုလာတာရှိတယ်။ နောက် အခြေခံ ဆေးဝါးအပြင်ကို ကိုးထောင်ဘို့ရယ် ထန်းကုန်းရယ် ချပ်သင်းတိုက်နယ်တွေရယ် ဒီနေရာတွေက မြွေ ဆိုး အရမ်းပေါတဲ့ နေရာတွေဖြစ်တော့ မြွေဆိပ်ဖြေဆေးလိုနေတာပေါ့။ အဲ့လို အခက်အခဲတွေတော့ အများကြီး ရှိတာပေါ့” ဟု ပြောသည်။
မေလအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့မှ ကျေးလက်ကျန်းမာရေး ဆေးပေးခန်း နှင့် သရက်ခေါင်း ကျေးရွာရှိ စာသင်ဆောင် ၂ ဆောင် အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ် ပြန်ထားသည်။
ကန့်ဘလူခရိုင်အတွင်း ဧပြီလမှ မေလအတွင်း ယခုအချိန်ထိ ထိုးစစ်ဆင်မှုများ၊ တိုက်ပွဲများနှင့် လေကြောင်း တိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးကာ နယ်မြေရှင်းခံနေရခြင်းများကြောင့် စစ်ဘေးရှောင်ဦးရေ အရေအတွက်က ပို၍တိုးလာနေသည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။