ရွှေဘိုတွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲခံရ ၁ ဦးသေ၊ ဗိုလ်မှူး တစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်။

ရွှေဘို – ကျောက်မြောင်းလမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရသောကြောင့် ၁ ဦးသေ၊ ဗိုလ်မှူး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကိုင်းတိုင်း ရွှေဘို – ကျောက်မြောင်းလမ်းမတွင် ဇွန်လ ၁၆ ရက်နေ့၌ စစ်ကောင်စီ ခမရ ၁၂ တို့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

BLACK WOLF- ARMY အဖွဲ့မှ တာဝန်ရှိသူက “နှစ်ခါခွဲတာ နှစ်ခုလုံး ထိခိုက်ဒဏ်ရာရတယ်။ တစ်ယောက်သေ တယ်။ ကျောင်းမြောင်းလမ်းမပေါ်မှာဗျ၊ ၃၀ လောက်ပါတဲ့ စကက်ကား တစ်စီးနဲ့ ဟွန်ဒါဖစ် အဖြူတစ်စီး စကစ က ၇ ယောက်လောက်ပါမယ်။ တစ်ယောက်သေတယ် အတည်ပြုတယ်” ဟု ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအား BLACK-WOLF ARMY အဖွဲ့နှင့် WHO AM I ARMY တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြ ရာ PDF များအဖွဲ့မှ အထိအခိုက်မရှိခဲ့ပေ။

ဇွန်လ ၁၆ ရက်နေ့ တစ်ရက်တည်းတွင် အဆိုပါ ရွှေဘို – ကျောင်မြောင်းလမ်းမပေါ်တွင် နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နံနက် ၆ နာရီခွဲအချိန်တွင် ရွှေဘို – ကျောက်မြောင်း လမ်းပိုင်းတွင် ခမရ (၁၂) မှ မောင်းနှင် ထွက်ခွာလာသည့် စစ်ကောင်စီတပ်သား ၃၀ ဦးခန့်ပါ စကက်ကား ကျောက်မြောင်း လမ်းပိုင်း တစ်နေရာတွင် ရပ်ကာ ခြေလျင် ဆင်းလျှောက်စဥ် PDF ပူးပေါင်းအဖွဲ့က ပဒေသာမိုင်း ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် ရွှေဘို – ကျောက်မြောင်းလမ်းအတိုင်း ခမရ (၁၂) မှ စစ်ကောင်စီ တပ် သား ( ၇ ) ဦးခန့် စီးနင်းလိုက်ပါလာသည့် ဟွန်ဒါဖစ် အဖြူ တစ်စီး ထွက်ခွာလာခဲ့သည်ဟု ကြိုတင်သတင်း ရရှိခဲ့ သောကြောင့် မောက်တက်ကျေးရွာ အနီးတွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်ခံရမှုထဲ စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယခုစစ်ဆင်ရေးအား လုပ်ဆောင်ခဲ့သည့် ပူးပေါင်း PDF တပ်ဖွဲ့တို့သည် ယခုနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များအား မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ အယောက် ၂၀ ဦးခန့် သေဆုံးကြောင်း ၎င်း တာဝန်ရှိသူ က ဆိုသည်။

လက်ရှိတွင် PDF များအနေဖြင့် စစ်ကောင်စီအား တိုက်ခိုက်နိုင်ရေး အဓိကလိုအပ်ချက်ဖြစ်သည့် လက်နက်ဝယ် ယူရန် ငွေကြေးများ လိုအပ်နေသည်။

ထို့ကြောင့် ကမ်ပိန်း မဲလက်မှတ်များ ရောင်းချပေးနေသော်လည်း ပြည်သူများဘက်မှ ဝယ်ယူမှုနည်းလားခြင်း၊ အကူအညီများ ပို၍ နည်းပါးလာသည်ဟု BLACK-WOLF ARMY မှ တာဝန်ရှိသူကပြောသည်။

“အဖွဲ့ လက်တလော လိုအပ်ချက်ကတော့ စနိုက်ပါ အကြွေးဆပ်ဖို့ ကမ်ပိန်းတွေ မဲလက်မှတ်တွေ လုပ်နေပေမဲ့ လာမဝယ်ကြတာပေါ့။ လက်ရှိမြေပြင်မှာက စကစဘက်က စစ်ကြောင်း ဝင်ရောက်တာတွေ အင်အားဖြည့် တင်းမှု တွေရှိပါတယ်” ဟု ပြောသည်။

လူထုအားကို အခြေပြုပြီး ပြုလုပ်ရခြင်း ဖြစ်သောကြောင့် အားလုံး ဆက်ပြီးပါ၀င်ပေးကြရန်နှင့် ရလာသမျှကို အရေးပေါ် လိုအပ်ချက်များနှင့် လက်နက်ဖြည့်တင်းရေးတွင် ရာနှုန်းပြည့် အသုံးပြုသွားမည်ဟု BLACK-WOLF ARMY မှ တာဝန်ရှိသူကပြောသည်။