သမီးလှ တိုက်ပွဲတွင် ဆေးဗိုလ်တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်။
တနင်္သာရီမြို့နယ်၊ သမီးလှကျေးရွာ အနီးဖြစ်ပွားခဲ့သည့် ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဆေး ဗိုလ်တစ်ဦး အပါအဝင် ၅ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်ဟု ဘက်မလိုက် ပြောက် ကျားတပ်ဖွဲ့ – တနင်္သာရီ က သတင်းထုတ်ပြန်ထားသည်။
အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းကို KTLA-tcjf၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ SWDF၊ မြိတ် (ပကဖ)၊ မြိတ်ခရိုင် တပ်ရင်း (၂) ဒရုန်းတပ်ဖွဲ့၊ တောဗုံးကြီးအဖွဲ့တို့ ပူးပေါင်းကာ ဇွန်လ ၁၇ ရက်နေ့ မှ ၂၀ ရက် နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း ဒရုန်းဖြင့် တိုက်ခိုက်ခြင်းများအပြင် မြေပြင်တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ သည်ဟု ဖေါ်ပြထားသည်။
“စစ်ကောင်စီရဲ့ ဆေးတပ်ဗိုလ်ကို စနိုက်ပါနဲ့ စပြီးပစ်လိုက်တာပါ ပွဲချင်းပြီးပဲ။ သူတို့ဘက်က ပြန်ပစ်ပါတယ်။ နှစ် ဘက် ပစ်ခတ်မှုအတွင်းမှာ နောက်ထပ် အခြားအဆင့် ၄ ယောက် ထပ်ပြီးသေတယ်” ဟု ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က ပြောသည်။
စစ်ကောင်စီ၏ တနင်္သာရီ အခြေစိုက် ခမရ ၅၅၈ တပ်ရင်း စစ်ကြောင်းမှ နယ်မြေ စိုးမိုးရေးနှင့် ရှင်းလင်းရေးအတွက် ဇွန်လ ၁၆ ရက်နေ့မှ စတင်၍ သကျက်ကျေးရွာအုပ်စု၊ ဘန်ကြုတ်ကျေးရွာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ် သည်။
လက်နက်ကြီးပစ်ကူပြီး သမီးလှကျေးရွာ အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက ကော်တောကျေးရွာသို့ ဆက်လက်သွားရောက်ရန် ပြင်ဆင်နေချိန် PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှ ဇွန်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် စတင်သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သမီးလှကျေးရွာ အတွင်းရှိနေသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၁၉ ရက်နေ့၊ ညနေပိုင်းအချိန်ထိ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး အထိနာသွားသည့် စစ်ကောင်စီတပ်မှ ညပိုင်းတွင် သမီးလှကျေးရွာနောက်ကျောမှ ရွာအနီးရှိ တောင်ကြောပေါ် ဆုတ်ခွာသွားခဲ့သည်။
တောင်ကြောပေါ်ခိုအောင်းနေသည့် စစ်ကောင်စီတပ်အား မြိတ်ခရိုင် ဒရုန်းတပ်ဖွဲ့မှ ၄ ကြိမ် ဗုံးသီးချ တိုက်ခဲ့ပြီး နောက် သွားရောက်ရှင်းလင်းရာ အီနာဂါဗုံးသီးလေးလုံးနှင့် အခြားစစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဇွန်လ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဆင်ခေါင်းကျေးရွာဘက်မှ အခြေစိုက်ရာ ခမရ ၅၅၈ တပ်ရင်းအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
တိုက်ပွဲများအတွင်း PDF ပူးပေါင်းတပ်များဘက်မှ ဒရုန်းတစ်စီးဆုံးရှုံးခဲ့ရပြီး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက် ဒဏ်ရာ အနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးများကြောင့် ဒေသခံ ၄ ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်သည်။
ဇွန်လ ၁၉ ရက်နေ့၊ ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တနင်္သာရီမြို့နယ်၊ ရေပေါ်ကျေးရွာကို ညောင် ပင်ကွင်းကျေးရွာ အခြေစိုက် စစ်ကောင်စီတပ် ခမရ – ၅၆၁ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ခြင်းကြောင့် ဘုရားစေတီများ ထိခိုက်ပျက်စီးခဲ့ပြီး သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီး ကျည်စ ထိမှန်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ညောင်ပင်ကွင်း၊ ခြောက်မိုင်၊ ဆင်ခေါင်း၊ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ ကော်တော၊ ရေပေါ်၊ ဘန်ကြုတ်၊ သကျက်နှင့် ကျွဲထိန်း ကုန်း ကျေးရွာများမှ ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။