ထောင်အသစ်ဆောက်ရန် ပုသိမ်တွင် လယ်နှင့် ဥယာဉ် ဧက ၇၀၀ ကျော် သိမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်။

ပုသိမ်ထောင်အသစ် တည်ဆောက်ရန်အတွက်ဟု ဆိုကာ စစ်ကောင်စီက ဒေသခံ တောင်သူများ၏ လယ်ယာ မြေနှင့် ဥယာဉ်ခြံမြေ ဧက ၇၀၀ ကျော်ကို သိမ်းဆည်း လိုက်သည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် အတွင်းရှိ ရွှေမြင်တင်ကျေးရွာနှင့် ဝါးယားချောင်းကျေးရွာအနီး အနောက်တောင် တိုင်း စစ်ဌာနချုပ် တိုင်းဗဟို ၅ လေ့ကျင့်ရေးတပ်အနီးက တောင်သူများ၏ ဓါးမဦးချ လုပ်ကိုင်နေသော မြေယာ များကို သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။

မြေသိမ်းခံရသည့် တောင်သူတစ်ဦးက “ဘိုးဘွားစဉ်ဆက် ဓါးမဦးချ လုပ်ကိုင်လာတဲ့ လယ်မြေတွေ ဥယျာဉ် မြေ တွေပါ။ အဲ့ဒါကို အခုလို အဓမ္မ သိမ်းတော့ မြေမဲ့ယာမဲ့တွေ ဖြစ်ပြီး စားဝတ်နေရေး အတွက် အခက်တွေ့ ကုန် တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး” ဟု ပြောသည်။

ဘိုးဘွားစဉ်ဆက် ခုတ်ထွင် လုပ်ကိုင်စိုက်ပျိုးလာခဲ့သည်မှာ ခေတ်အဆက်ဆက် ဖြစ်ခဲ့ပြီး အခွန်ပြေစာများ ရှိကာ အချို့မှာ လယ်ယာမြေ လုပ်ကိုင်ပိုင်ဆိုင်ခွင့် ပုံစံ ၃၊ ပုံစံ ၇ တို့ ရရှိပြီး ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ စာရွာစာတမ်းများ ရှိနေထားသော်ညလ်း အတင်းအဓမ္မ သိမ်းဆည်းခံနေရပြီး မြေယာ တန်ဖိုးကိုလည်း တစ်စုံတစ်ရာ ပေးလျော်ခြင်း၊ မြေယာ အစားထိုးပြန်ပေးခြင်းတို့လည်း မရှိသေးဘူးဟု မြေယာပိုင်ရှင်များက ပြောသည်။

ပုသိမ်အကျဉ်းထောင် အသစ် တည်ဆောက်ရန် လျာထား သတ်မှတ်သော ‌မြေနေရာမှာ အစိုးရ စီမံခန့်ခွဲ ပိုင်ခွင့် ရှိသော လစ်လပ်မြေများ ဖြစ်ခြင်းကြောင့် ယင်းမြေပေါ် တွင် ကျူးကျော်လုပ်ကိုင်ခြင်းကို ဖယ်ရှားရခြင်း ဖြစ်သည်ဟု စစ် ကောင်စီ၏ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနက တာဝန်ရှိ အရာရှိတစ်ဦး က ပြောသည်။

လက်ရှိမှာ သိမ်းဆည်းလိုက်သည့် မြေယာများကို စစ်ကောင်စီအဖွဲ့က မြေပြုပြင်မှုများကို စတင် လုပ်ဆောင်နေ ပြီး ပုသိမ်အကျဉ်းထောင် အသစ် တည်ဆောက်ရေး လုပ်ငန်းကို ၃ နှစ် အတွင်း ပြီးစီးအောင် လုပ်ဆောင်မည် ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။

ပုသိမ်အကျဉ်းဦးစီးဌာန အရာရှိဟောင်းတစ်ဦးက ”အကျဉ်းသားနဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေ ရိက္ခာ အတွက် စပါးစိုက်တဲ့ လက်ရှိ ပုသိမ်ထောင်ဘေးက လယ်မြေတွေကို အာဏာရ အစိုးရက ရောင်းစားခဲ့ဖူးတယ်။ အခု လည်း လက်ရှိ ပုသိမ်ထောင်နဲ့ မြေနေရာကို ရောင်းစားဖို့ အကွက်ဖန်တာ” ဟု ပြောသည်။

ပုသိမ်မြို့လယ်ရှိ အမှတ် ၄ ရက်ကွက်က ဘူတာလမ်း နှင့် မရမ်းချိုလမ်းကြားရှိ ကိုလိုနီခေတ်ကတည်းက ဆောက်ခဲ့သော လက်ရှိ ပုသိမ်အကျဉ်းထောင်ဘေးက အကျဉ်းဦးစီးဌာနပိုင် လယ်မြေများကို ၂၀၁၀ ခုနှစ် က အာဏာရခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရက မြို့ကွက်ရိုက်ပြီး ခရိုနီများကို ရောင်းချခဲ့ ဖူးသည်။

ရောင်းချခဲ့သော အချိန်က ပေ ၄၀ – ပေ ၆၀ စတုရန်းမြေကွက်တစ်ကွက် တန်ဖိုးငွေမှာ အစိုးရဘဏ္ဏာထဲကို ကျပ် ၁၀ သိန်း ပြည့်အောင်ပင် မရောက်ခဲ့သော်လည်း လက်ရှိကာလ ပေါက်ဈေးမှာ ပေ ၄၀ – ပေ ၆၀ စတုရန်း တစ်ကွက်ကို တည်ရှိသည့် နေရာကို မူတည်ပြီး သိန်း ၅၀၀၀ ကျပ် နှင့် သိန်း ၁၀၀၀၀ ကျပ်ကျော် အကြားရှိ နေ သည်ဟု ပုသိမ်မြို့က အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရေး အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

လက်ရှိ အသုံးပြုနေသော ပုသိမ် အကျဉ်းထောင်ကို (၁၈၈၉) ခုနှစ်က တည်ဆောက်ခဲ့ပြီး ပုသိမ်ထောင်တွင်း အိပ်ဆောင်များ ဖွဲ့စည်း တည်ဆောက်ပုံမှာ အင်္ဂလိပ် ယူနီယံဂျက်အလံ ပုံစံဖြစ်ကာ သမိုင်းတန်ဘိုး ကြီးမားသည့် အပြင် လက်ရှိ ထောင်မြေနေရာ၏ ကာလပေါက်ဈေးကလည်း တန်ဘိုးကြီးမြင့်သည်ဟု ပုသိမ်မြို့ရှိ မြို့မိမြို့ဖ များ က ဆိုသည်။