ဘော်တွင်းကျေးရွာ အုပ်စုတွင် မြေမြုပ်မိုင်းကွဲ၊ လူတစ်ဦး ဒဏ်ရာပြင်းထန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာအုပ်စုထဲတွင် မြေမြုပ်မိုင်း ပေါက်ကွဲပြီး အမျိုးသား တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာအုပ်စု၊ ဆိုင်ကောင်းကျေးရွာက ဒေသခံအမျိုးသားတစ်ဦးမှာ ခြုံရှင်းရင်း မပေါက်ကွဲသေးသည့် မြေမြုပ်မိုင်းကို ပေါက်တူးနှင့် ပေါက်မိရာမှ မြေမြုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“နမ္မတူနဲ့ မန်တုံနဲ့ သွားတဲ့လမ်းဘေးရွာလေး ဆိုင်ကောင်းတဲ့။ ဘော်တွင်းအုပ်စုထဲမှာပါတာ။ ကျနော်တို့ သိသ လောက်ကတော့ ခြံရှင်းရင်းနဲ့ ပေါက်မိတာလို့ ပြောတယ်။ ပေါက်ပြားပေါက်ရင်းနဲ့ ဖြစ်တာတဲ့ အဲ့လိုမျိုး။ သူတို့ က ကျနော်သိသလောက်ဆို အဲ့မှာ ခြံတွေရှိတယ်။ ခြံရှင်းရင်းနဲ့ ဖြစ်တဲ့ပုံစံမျိုး ဖြစ်တာ။ အသက်ကတော့ ၆၅ နှစ်တဲ့။ ကျနော်တို့သိတာကတော့ ခြေထောက်က အများဆုံးပေါ့။ ခြေထောက်နှစ်ဖက်လုံးပဲ။ အခုကတော့ လား ရှိုးဆေးရုံမှာ ဆေးကုနေတယ်။”

ဇွန်လ ၁၉ ရက်နေ့၊ မွန်းလွှဲ ၂ နာရီဝန်းကျင်အချိန်ခန့်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက် ကွဲမှုကြောင့် ခြုံရှင်းနေသည့် အသက် ၆၅ နှစ်ဝန်းကျင်အရွယ် အမျိုးသား ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာ များ ရရှိသွားခဲ့သည်။

လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာ ရရှိသွားသည့် အမျိုးသားမှာ လက်ရှိအချိန်ထိ လားရှိုး ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေရသည်။

မြေမြုပ်မိုင်းပေါက်ကွဲခဲ့သည့် နေရာမှာ ဆိုင်ကောင်းကျေးရွာအကျော် ဟင်ပုတ်ကျေးရွာ လမ်းခွဲအနီးက ညောင်ပင်အောက်တွင် ဖြစ်ပြီး အနီးအနား ပေ ၂၀ ဝန်းကျင်တွင်မူ စစ်ကောင်စီ၏ တပ်စခန်းတစ်ခု ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဆိုင်ကောင်းရွာခံတစ်ဦး “ကားလမ်းဘေးဆိုတော့ လက်နက်ကိုင်တွေက သွားသွားလာလာရှိတာပေါ့။ ကျနော်တို့ ဒီဘက်မှာကတော့ အဓိကတော့ အများဆုံးသွားလာတာကတော့ စစ်တပ်ကများတယ်။ ကျန်တဲ့အဖွဲ့အစည်း က တော့ တခါတလေမှ သွားတာလာပဲ ကြားဖူးပါတယ်။ ရှမ်းက ဒီဘက်မလာဘူး။ တအာင်းကတော့ ရှိတယ်။ နမ္မ တူ-မန်တုံသွားတဲ့လမ်း ဆိုတော့ အမှန်ကတော့ အဓိကနယ်မြေကတော့ တအာင်းတို့ ဒီဘက်မှာ KIA တို့ နယ်မြေ ပဲလေ” ဟု ပြောသည်။

နမ္မတူမြို့နယ် ဆိုင်ကောင်းဒေသသည် စစ်ကောင်စီတပ်အပြင် တအာင်း TNLA၊ ကချင် KIA နှင့် ပြည်သူ့ကာကွယ် ရေးတပ် PDF အဖွဲ့တို့ သွားလာလှုပ်ရှားနေသည့် နယ်မြေတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ ကြက်သေကျေးရွာတွင် အမျိုးသားတစ်ဦး တောင်ယာမှ ယူလာသည့် လက်နက်ကြီးကျည် နေအိမ်တွင် ပေါက်ကွဲခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါသေးသည်။

ထို့အပြင် မေလ ၁ ရက်နေ့ကလည်း လားရှိုး – သိန္နီ ပြည်ထောင်စု လမ်းမကြီးဘေးရှိ နမ့်တွန်းကျေးရွာအုပ်စု၊ ဖောင်လိတ်ကျေးရွာ (၁၆) မိုင်တွင် အမျိုးသမီးတစ်ဦး တောင်ယာရှင်းလင်းနေချိန်တွင် မိုင်းနင်းမိခဲ့သည်။

ဧပြီလ ၂၉ ရက်နေ့၊ နေ့လည်ပိုင်း ၁ နာရီခွဲ အချိန်တွင်လည်း နောင်ချိုမြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စု ဟိုခဲကျေး ရွာမှ ရွာသား ၈ ဦးက ကြံခင်းထဲတွင် သန့်ရှင်းရေးလုပ်နေချိန် မိုင်းနင်းမိပြီး အမျိုးသား ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ ကြသည်။

လက်နက်ကိုင်တပ်ဖွဲ့ အများအပြားရှိနေသည့် ရှမ်းမြောက်ဒေသတွင် တစ်လကို တစ်ကြိမ်နှုန်း အနည်းဆုံး မြေမြုပ်မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားနေသည်။

မည်သည့် အဖွဲ့အစည်းက ထောင်ထားမှန်းမသိတဲ့ မြေမြုပ်မိုင်းများကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်နစ်နာ၊ သေဆုံးမှုများ ရှိနေသောကြောင့် လူထုနေသည့် ကျေးရွာများအနီးအနားဝန်းကျင်၊ ကျေးရွာများထဲ အပြင် ဒေသခံများ လုပ်ကိုင်စားသောက်ကြသည့် တောင်ယာများနှင့် လူထုအသုံးပြုလေ့ရှိသည့် လမ်းဘေးဝန်းကျင် နေရာများတွင် မြေမြုပ်မိုင်းများ မထောင်ထားကြဖို့ တောင်းဆိုထားကြသည်။