ဘားအံမြို့နယ်အတွင်း တံတားတစ်စင်း မိုင်းဖောက်ခွဲ ဖျက်ဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂူဝကျေးရွာအနီး ဘားအံ-သထုံကားလမ်းပေါ် ဝါးဘိုးတောနှင့် ဘုရင့်ညီဂူကြားရှိ တံတားတစ်စင်း ယမန့်နေ့ နံနက်ပိုင်းက မိုင်းဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ တံတားသည် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန်ခန့်က ဖောက်ခွဲခံရခြင်းဖြစ်ပြီး ဖောက်ခွဲ ခံရမှုကြောင့် တံတားအောက်ခြေနှင့် တံတားလက်ရမ်းများ ပျက်စီးသွားခဲ့သည့်အပြင် တံတားကြမ်းခင်း တွင် လည်း အက်ကွဲကြောင်းများ ဖြစ်သွားသည်ဟု ဒေသခံများက ပြောသည်။
မိုင်းဖောက်ခွဲခံထားရသည့် တံတားကို သက်ဆိုင်ရာက လာရောက်စစ်ဆေးခဲ့ကြောင်း လက်ရှိတွင် ကားများ ဖြတ် သန်းသွားလာခွင့် ပြုထားသော်လည်း သတိထားပြီး ဖြတ်သန်းသွားလာနေကြရကြောင်း ဒေသခံတစ်ဦးက ပြော သည်။
“ဖောက်ခွဲခံရလို့ တံတားက ပျက်စီးသွားတာတွေရှိတယ်။ ကားတွေ ဖြတ်သန်းသွားလာလို့ရတယ် ဆိုပေမယ့် သတိထားပြီး ဖြတ်နေရတာပေါ့။ တစ်စီးပြီးမှ တစ်စီး အဲ့လို ဖြတ်သန်းနေကြတယ်။ ဖောက်ခွဲခံထားရတယ်ဆို တော့ စိတ်ချလို့တော့မရဘူး” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
အဆိုပါ မိုင်းဖောက်ခွဲ ဖျက်ဆီးခံရသည့် တံတားသည် မြဝတီ-ဘားအံ-သထုံ-ရန်ကုန် ကုန်သွယ်ရေး လမ်း ကြောင်းပေါ်တွင် တည်ရှိနေသည့် ပေ ၆၀ ခန့်ရှိ တံတားတစ်စင်းဖြစ်ပြီး ဘားအံ-သထုံ ကားလမ်းပိုင်းတွင် အရှည် ဆုံး တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မြဝတီ လမ်းအတွက် အရေးပါသည့် သထုံ မြို့နယ် နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတားကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) လက် အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဖောက်ခွဲဖျက်ဆီးခဲ့သည်။
KNU/KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ် ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ရန်ဆိုပြီး ရန်ကုန်-ဘားအံ လမ်းပိုင်းနှင့် ရန်ကုန်-မုတ္တမ လမ်းပိုင်းက တံတားအချို့ကို မိုင်းဖောက်ခွဲမှု ပြုလုပ်လာခဲ့သည်။
ယခု တံတား မိုင်းဖောက်ခွဲခံရသည့် ရန်ကုန်-ဘားအံ လမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ လမ်းပိုင်း ကို ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုရန် တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက ဇူလိုင် လ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။
သတ်မှတ် လမ်းပိုင်းအတွင်း နေ့အချိန် ခရီးသွားလာရာတွင်လည်း မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန်နှင့် တာ ဝန်အရ စစ်ဆေးရာတွင်လည်း ကြည်ဖြူစွာ လက်ခံပေးရန် ဖော်ပြထားသည်။
ထိုထုတ်ပြန်ချက်အား လိုက်နာရန် ပျက်ကွက်ပါက ဖြစ်လာမည့် အကျိုးဆက်များကို စစ်ဒေသခွဲ (၂) မှ တာဝန် ယူမည် မဟုတ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။