ပုလော ရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ် မီးရှို့ဖျက်ဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။
မြိတ်ခရိုင်၊ ပုလောမြို့၊ အမှတ် (၁) ရပ်ကွက် လှေဆိပ်အနီးရှိ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေ
အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၏ နှစ်ထပ်တိုက်အိမ်ကို ဇူလိုင်လ ၁၅ ရက်နေ့၊ ည ၁၁ နာရီခွဲခန့် က လှေဖြင့်ရောက်ရှိလာသည့် လူတစ်စုက မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။
“မိသားစုဝင်တွေကို ဘာမှတော့ မလုပ်သွားပါဘူး။ အိမ်ကိုမီးရှို့တာ အောက်ထပ်မီးစွဲလောက်မှ လှေနဲ့ပြန်ထွက် သွားကြတယ်။ ကြောက်လို့ အိမ်ထဲကပဲ ချောင်းကြည့်ခဲ့ရတယ်” ဟု အမှတ် (၁) ရပ်ကွက်နေ အမျိုးသားတစ်ဦး က ပြောသည်။
နေအိမ်မီးရှို့ခံရချိန် ဦးသိန်းဝင်း နေအိမ်တွင်ရှိ မနေဘဲ နေ့စဉ် ဒီရေ အတက်အကျပေါ်မူတည်ပြီး ကမ်းသို့ ဝင် ထွက် ဆိုက်ကပ်လေ့ရှိသည့် တစ်နိုင်တစ်ပိုင် ငါးဖမ်းပိုက်လှေငယ်များထံမှ ငွေကြေးကောက်ခံရန် ပုလောတံတား ဆိပ်ကမ်းဘက်သို့ ရောက်ရှိနေချိန် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဦးသိန်းဝင်း နေအိမ်မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ နတ်အိမ်ကမ်းကျေးရွာနှင့် မှော်ကြောင်းကျေးရွာ များဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီးကျည် ထိမှန်မှုကြောင့် မှော်ကြောင်းကျေးရွာမှ နေအိမ်တစ်ဆောင် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမျိုးတော့ မရှိခဲ့ဘူးဟု ဆိုကြသည်။
စစ်ကောင်စီ၏ ခလရ (၂၈၅) တပ်ရင်း အခြေစိုက်သည့် ပုလောမြို့တွင် ရပ်ကွက် ၅ ခုရှိပြီး စစ်အုပ်ချုပ်ရေး ဒေသ အဖြစ် ကြေညာထားပြီးနောက် မြို့အဝင်အထွက်နေရာ ၅ နေရာတွင် ဂိတ်များချကာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည့်အကြားမှ ယခုကဲ့သို့ မြို့ပေါ်၌ အုပ်ချုပ်ရေးမှူး၏ နေအိမ် မီးရှို့ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။