လက်နက်ကြီးကြောင့် ၁၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ – ဇီးတဘန်ကျေးရွာထဲသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၁၈ ရက်နေ့ (ယမန်နေ့) ညနေ့ ၄ နာရီအချိန်က ဇီးတဘန်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြားက တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ရာမှ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာ ရသူများကို သွားရောက်ကူညီပေးခဲ့သည့် နမ့်ဖတ်ကာမှ မေတ္တာရှင် လူမှုကူညီရေးအသင်းက “၂၀ အရွယ် ကောင်မလေးက တအားမထိလို့ ဒီမှာပဲ နမ့်ဖက်ကာမှာပဲ သူက အိမ်နဲ့ ဒီတိုက်နယ်ဆေးရုံနဲ့ သူ့ဟာ သူ အသွားအပြန် ဆေးထည့်တာလောက်ပဲ လုပ်တယ်။ ၉ နှစ်အရွယ် ကောင်လေးကတော့ အခြေအနေကောင်း ပါ တယ်။ ၄၆ နှစ်အရွယ် အစ်မကတော့ နည်းနည်းတော့ ဆေးတော်တော် ကုရမယ်ထင်တယ်။ သူလည်း အဆုတ် နည်းနည်းထိထားတယ်” ဟု ပြောသည်။

အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိထားသည့် အသက် ၂၀ နှစ် အရွယ် မိန်းကလေး တစ်ဦးမှ လွဲ၍ ကျန် ၃ ဦးကို ကွတ်ခိုင်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

ကွတ်ခိုင် ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့သည့် ၃ ဦးအနက် အသက် ၁၅ နှစ်အရွယ် ကလေးမှာ အဆုတ် ဘက်ခြမ်းတွင် လက်နက်ကြီးထိမှန်ထားပြီး ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးရုံအရောက်တွင် သေဆုံးသွား ခဲ့သည်ဟု ဆိုသည်။

ထို့အတူ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးမှာလည်း အဆုတ်ဘက်ခြမ်းတွင် လက်နက်ကြီး ထိမှန်ပြီး ဒဏ်ရာ ပြင်းထန်သည့်အတွက် စိုးရိမ်ရသည်ဟု နမ့်ဖတ်ကာမှ မေတ္တာရှင် လူမှုကူညီရေးအသင်းက ပြောသည်။

သို့သော် အသက် ၉ နှစ်အရွယ် ကလေးငယ်မှာ အနည်းငယ်သာ ထိမှန်ဒဏ်ရာ ရရှိထားသည့်အတွက် စိုးရိမ်စရာ မလိုသည့် အခြေအနေတွင် ရှိသည်ဟု ဆိုသည်။

နမ့်ဖတ်ကာတွင် ဇူလိုင်လ တတိယပတ်အတွင်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ပစ်ခတ်မှု များကို လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့ (ယနေ့) တွင်လည်း စစ်ကောင်စီတပ်က နမ့်ဖတ်ကာထဲကို ဝင်ရောက်သွားလာပြီးနောက် နေ့လည် ၁ နာရီခွဲ အချိန်ခန့်က လက်နက်ကြီး ပစ်ခတ်သံများကို ကြားနေရသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကွတ် ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာက ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်( TNLA) နှင့် စစ်ကောင်စီတပ်တို့ အကြားက တိုက်ပွဲအတွင်း ဒေသခံ ၂ ဦး မိုင်းထိမှန် ဒဏ်ရာ ရရှိခဲ့သေးသည်။

ဓါတ်ပုံ – မေတ္တာရှင် လူမှုကူညီရေးအသင်း နမ့်ဖတ်ကာ