ရေကြီးမှုကြောင့် ကလေးသုံးဦး ရေနစ်သေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်မြို့ပေါ်ရပ်ကွက်က ကလေး သုံးဦး သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူများနှင့် မြို့ခံများက ပြေသည်။

မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ပေါ်ရှိ စျေးကြို၊ မြိုင်သာယာ၊ သီရိမင်္ဂလာ၊ သီရိမြိုင်၊ စာရင်းကြီးကုန်း၊ ရွှေပြည်အေး၊ ရွှေပြည်စိုး၊ ဒိုင်းဝန်ကွင်း၊ ဇေယျာ ၁/၂/၃၊ လှိုင် အစရှိသည့် မြို့ပေါ်ရပ် ကွက် အားလုံးနီးပါးတို့တွင် ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်ပွားခဲ့သည်။

ရေကြီးရေလျှံနေသည့် သီရိမင်္ဂလာရပ်ကွက်တွင် အသက်တစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ် သေဆုံး ခဲ့ပြီး သီရိမြိုင်ရပ်ကွက်တွင်လည်း အသက် ၁၃ နှစ်အရွယ် ကလေးနှစ်ဦး ချောင်းထဲ ရေဆင်းကစားရင်း ရေနစ် သေဆုံးခဲ့သည်ဟု လူမှုကယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ရေကြီးရေလျှံခဲ့တဲ့ မော်လမြိုင်မှာ ကလေး သုံးဦး ရေနစ် သေ ဆုံးခဲ့တယ်။ သီရိမင်္ဂလာရပ်ကွက်က ကလေးက တစ်နှစ်ခွဲအရွယ်ပဲ ရှိသေးတယ်။ အဖိုး အဖွားတွေနဲ့ နေတယ် အဲ့ကလေးက။ ခြံထဲမှာပဲ ရေနစ်သေဆုံးသွားတယ်။ နောက်ကလေး နှစ်ယောက်က သီရိမြိုင်ရပ်ကွက်က ချောင်းမှာ ရေကစားနေကြရင်းနဲ့ ရေနစ်သွားတယ်။ ကယ်ဆယ်ရေးသမားတွေ ရှာဖွေကယ်ဆယ်တွေ့တဲ့ အချိန် မှာတော့ ကလေးတွေက အသက်မရှိကြတော့ဘူး” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းလာ သည့်အတွက် ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းခန့်မှစပြီး မော်လမြိုင်မြို့အပါအဝင် မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ပေါင်၊ ကျိုက်မရော အစရှိသည့် မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်တို့မှ ပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ထားခဲ့ရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

မုဒုံမြို့ခံတစ်ဦးက “အဓိက အနိမ့်ပိုင်းရပ်ကွက်က လူတွေ ပြောင်းရွှေ့ထားရတယ်။ မိုးက ဆက်တိုက် ရွာနေတော့ လေ ရေထက်တက်လာမှာစိုးလို့ပါ။ ဇူလိုင် ၂၀ ရက်နေ့ မှာ မိုးလျော့လာပြီးဆိုတော့ ရေတွေလည်း ပြန်ကျလာ တယ်။ ရေပြန်ကျရင် ရွှေ့ပြောင်းထားရတဲ့လူတွေလည်း ပြန်လို့ရတာပေါ့။ အခု လူမှုကယ်ဆယ်ရေးတွေ အလှူ ရှင်တွေက ထမင်းတွေ လာဝေပေးနေတယ်” ဟု ပြောသည်။

ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည့် ရေဘေးသင့်ပြည်သူတွေကို ပြည်နယ်စစ်ကောင်စီက စားနပ်ရိက္ခာအချို့ ကူညီထောက်ပံ့မှု ပေးခဲ့ကြသော်လည်း လုံလောက်မှုမရှိခဲ့ဘူးဟုလည်း ဒေသခံများက ပြောသည်။

အလားတူ ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာတွင်လည်း ချောင်းထဲ ထင်းလိုက် ဆယ်သည့် အမျိုးသားတစ်ဦး ရေစီးနှင့် မျောပါကာ ပျောက်ဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်အတွင်း မိုးအဆက်အပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပွားခဲ့သည့်အပြင် တောင်ပြိုမှု၊ အုတ်တံတိုင်းပြိုကျမှုမျာလည်း ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုလည်း ရှိခဲ့သည်။

ဇူလိုင်လ ၁၇ ရက်နေ့စပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မော်လမြိုင်မြို့ပေါ်က ရပ်ကွက်အချို့တွင် ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းကစတင်၍ ရေပြန်ကျခဲ့သည်ဟု ရပ်ကွက်နေသူများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ဆိုသည်။

ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် မော်လမြိုင်-သံဖြူဇရပ်၊ သံဖြူဇရပ်-ရေး ကားလမ်းပိုင်း နေရာ အချို့တို့တွင် လည်း လမ်းများရေကျော်က ကားများ၊ ဆိုင်ကယ်များ ဖြတ်သန်းသွားလာရေး အခက်အခဲဖြစ်ခဲ့ သည်။