ပင်လယ်တွင် ကူးခတ်နေသူ နှစ်ဦးကို ငါးဖမ်းလှေက ကယ်တင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်။

ဘိုကလေးမြို့နယ်၊ ဂယက်ကြီးကျွန်းအနီး ပင်လယ်ပြင်တွင် ကူးခတ်နေသူနှစ်ဦးကို ခိုင်ကျော်စန်းအမည်ရှိ ငါးဖမ်း စက်လှေမှ တွေ့ရှိပြီး ကယ်ဆယ်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ၊ ဂယက်ကြီးကျွန်းအနီးတွင် ဇူလိုင်လ ၁၉ ရက်နေ့က ပင်လယ်အတွင်းမှ ကယ်ဆယ်နိုင်ခဲ့သူများမှာ ရိုဟင်ဂျာတစ်ဦးနှင့် ရခိုင်အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း ဒေသခံအချို့က‌ ပြောသည်။

ဘိုကလေးမြို့မှ ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက “မုန်တိုင်းအရှိန်နဲ့ စက်လှေ မှောက်လာကြတာ ထင်တယ်။ ပင် လယ်ထဲမှာ ရေဘူးခွံကြီးတွေကို ပိုက်ပြီး ကူးနေ တာတွေ့လို့ ကယ်လာတာလို့ပြောတယ်” ဟု ပြောသည်။

အဆိုပါ ရိုဟင်ဂျာတစ်ဦးနှင့် ရခိုင်အမျိုးသားတို့အား ပင်လယ်ပြင်တွင်‌ တွေ့ရှိခဲ့ပြီး ကယ်ဆယ်ခဲ့သည့် ငါးဖမ်းစက် လှေမှ အမျိုးသား၂ ဦးမှာ အသက် ၃၀ နှစ်အရွယ် မိုဟာမက်အဇနှင့် အသက် ၃၄ နှစ်အရွယ် ကိုဇော်နိုင် ဆိုသူတို့ ဖြစ်ကြသည်။

ခိုင်ကျော်စန်း ငါးဖမ်းစက်လှေမှ ကယ်ဆယ်လာသည့် ပင်လယ်ပြင်တွင် ကူးခတ်နေသူနှစ်ဦးအား လက်ရှိတွင် ဘိုကလေးမြို့ရှိ စစ်ကောင်စီ လက်‌အောက်ခံ ရေတပ် အမှတ် (၄၀၂) ရေယာဥ်ထံ သွားရောက်အပ်နှံခဲ့သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

“အခုကတော့ ရေတပ်ကပဲ စစ်ဆေးတာတွေ လုပ်နေတယ်။ ရဲကိုပဲပြန်လွှဲ မလား တရားစွဲတာတွေ ဖြစ်လာ မလားတော့ သေချာမသိရဘူး” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အမှတ် ၄၀၂ ရေယာဉ်ထံ အပ်နှံပြီးနောက် အခြေအနေကိုမူ မသိရသေးဘူးဟု ဆိုကြသည်။

ဘိုကလေးမြို့နယ်အပါအဝင် ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ငရုတ်ကောင်း၊ ဟိုင်း ကြီးကျွန်း၊ ငပုတော၊ ဘိုကလေး၊ မြောင်းမြ၊ ဝါးခယ်မ၊ ရေကြည်၊ ကြံခင်း၊ သာပေါင်းမြို့နယ်များထဲ ရခိုင်ပြည် နယ်နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံတို့မှ နယ်မြေဖြတ်ကျော်ကာ ဝင်လာကြသည့် ရိုဟင်ဂျာများကို မကြာခဏ ဖမ်းဆီးရ မိလျှက်ရှိနေသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၃၀ ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်းကို နယ်မြေဖြတ်ကျော် ဝင်ရောက် လာ သဖြင့် ဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာ အမျိုးသမီး၊ အမျိုးသား ၄၅၇ ဦး အနက် ၃၂၅ ဦးကို စစ်ကောင်စီ၏ သက် ဆိုင်ရာ တရားရုံးများက လဝက မှတ်ပုံ ပုဒ်မ ၆(၃) ဖြင့် ထောင်ဒဏ်များ အသီးသီး အမိန့်ချခဲ့သည်။

စက်လှေပျက်ပြီး မျောပါလာသူများရှိသည့်အပြင် ဘိုကလေးမြို့နယ်၊ ကတုံးလေးကျွန်းအနီးတွင် စက်လှေနှစ်စီး နှင့် လိုက်ပါလာသည့် ကလေးငယ် ရှစ်ဦး အပါအဝင် ရိုဟင်ဂျာ ၁၁၂ ဦးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က
ဖမ်းဆီးရမိမှုများလည်း ရှိခဲ့သည်။

ထို့အပြင် ၂၀၂၂ ခုနှစ်၊ မေလ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရိုဟင်ဂျာဒုက္ခသည် အယောက် ၉၀ ဦး တင်ဆောင်လာသော စက်လှေတစ်စီးသည် ဧရာ၀တီတိုင်းအတွင်း ဘင်္ဂလားပင်လယ်ပြင်တွင် မုန်တိုင်း မိ၍ တိမ်းမှောက်ခဲ့ကာ ရိုဟင်ဂျာ အယောက် ၆၀ ကျော်ခန့် သေဆုံးခဲ့သေးသည်။

ဓါတ်ပုံ – Thant Zin Tun’s Facebook (ဘိုကလေးမြို့ မြူနှင်းများကျစဉ် မြင်ကွင်း)