ထားဝယ်ရှိ ဝန်ကြီးများအိမ်ယာ လက်နက်ကြီးဖြင့် တတိယ အကြိမ် တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။
လုံခြုံရေး တင်းကြပ်ထားသည့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ အစိုးရအဖွဲ့ဝင် ဝန်
ကြီးများ အိမ်ယာ လက်နက်ကြီးဖြင့် တတိယအကြိမ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု မြို့ခံများကပြောသည်။
ဇူလိုင်လ ၂၂ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ခန့်က ၈၁ မမ စိန်ပြောင်းဖြင့် လက်နက်ကြီးကျည် ခုနစ်လုံး အသုံးပြု၍ တိုင်းလွှတ်တော် ဝန်ကြီးများ အိမ်ယာကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – LLPDF က ဇူလိုင်လ ၂၃ ရက်နေ့၊ ညနေပိုင်းတွင် စာအမှတ် ၁၅၈/၂၀၂၃ ဖြင့် သတင်းထုတ်ပြန်ထားသည်။
ဝန်ကြီးများအိမ်ယာအနီးရှိ ဝဲကျွန်းမြို့သစ်ရပ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက “ညဘက် အစောကြီးရှိသေး တယ်။ တဂျိမ်းဂျိမ်းနဲ့ ပေါက်ကွဲသံတွေကြားရတာ။ ဝန်ကြီးအိမ်ယာဝင်းထဲမှာ ပေါက် ကွဲသံတွေ ပိုများတယ်။ နေရာက နီးနေတော့ အိမ်တွေပါတုန်တယ်” ဟု ပြောသည်။
ဝန်ကြီးများအိမ်ယာကို့ မေလ ၃၁ ရက်နေ့ ညက ပထမအကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဇူလိုင်လ ၁၆ ရက်နေ့ ညတွင် ဒုတိယအကြိမ်အဖြစ် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ ထို့ကြောင့် ယခုတကြိမ် ထပ်မံ တိုက်ခိုက်ခံရမှုသည် တတိယအကြိမ်မြောက် ပစ်ခတ်ခံရခြင်း ဖြစ်သည်။
ဇူလိုင်လ ၂၂ ရက်နေ့ ညက ဝန်ကြီးအိမ်ယာ ပစ်ခတ်ခံရပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ထားဝယ်မြို့အနီး သဲပုံတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီ၏ လက်နက်ကြီးကုန်းဘက်မှလည်း လက်နက်ကြီးများ ဖြင့် ပြန် လည် ပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံအမျိုးသမီးက ဆိုသည်။
ယခုကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရချိန်တွင် လူနေရပ်ကွက် နေအိမ်များပေါ်သို့ ဗုံးသီးများ ကျ ရောက်ပေါက်ကွဲလာမည်ကို ဒေသခံများက စိုးရိမ်စိတ်ပူပန် ခဲ့ကြသည်ဟု က မြို့ခံများက ပြောသည်။
ဝန်ကြီးများ အိမ်ယာတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အထူးပြောက်ကျား
တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများအား အတည်ပြု ထုတ်ပြန်ပေးနိုင် ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
အလားတူ ထားဝယ်မြို့ရှိ တိုင်းဒေသကြီး လွှတ်တော် ဝန်ကြီးအိမ်ရာ၊ နယ်စပ်ရေးရာဌာနရုံးနှင့် ကမြောကင်း တံတားအနီး ကင်းပုန်းချထားသော စစ်ကောင်စီတပ်များကို LLPDF တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့၊ ည ၁၁ နာရီအချိန်တွင် ၈၁ မမ လက်နက်ကြီးများဖြင့် သွားရောက် ပစ်ခတ်ခဲ့သေးသည်ဟု ထုတ်ပြန်ထားကြသည်။
ထားဝယ်မြို့အတွင်း တိုက်ခိုက်မှုများအပြင် ပြီးခဲ့တဲ့ရက်ပိုင်တွင်လည်း လောင်းလုံးမြို့နယ်ရှိ မောင်းမကန် ရဲစခန်းကို လောင်းလုံးမြို့နယ်ရှိ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ကြောင့် ရဲစခန်းအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်သား ၂ ဦး သေဆုံးခဲ့ပြီး ပြင်းထန် စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူလည်း ၂ ဦး ရှိခဲ့သည်ဟု ဒေသခံများက အတည်ပြု ပြောဆိုထားသည်။