တောင်ကျချောင်းရေကြောင့် ငရုတ်ကောင်းမြို့ခံ လူငယ်တစ်ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်။

တောင်ကျချောင်းရေ ရုတ်တရက် စီးဆင်းခြင်းကြောင်း ငရုတ်ကောင်း ကမ်းခြေမြို့ ဒေသခံ လူငယ် တစ်ဦး တောင်ကျချောင်းရေစီးအတွင်း မျောပါပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့က ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု ယောင်းယင်းကျေးရွာ၌ နေထိုင်သူ အသက် ၃၀ နှစ်အရွယ်ရှိ ကိုနေမျိုးထွန်းဆိုသူမှာ တောင်ကျချောင်း ရေစီးထဲ မျောပါပြီး သေဆုံးခြင်းဖြစ်သည်။

၎င်း၏ အလောင်းကို စက်တင်ဘာ ၁၀ ရက်နေ့က သေဆုံးသူ၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

တင်းချောင်းရွာ ဒေသခံတစ်ဦးက “အဲ့နေ့က မိုးကအပြင်းအထန် ဆက်တိုက်ရွာတာ တောင်ကျရေတွေ အလုံး လိုက် ဆင်းလာပြီး ရွာထဲအထိရေဝင်လာတယ်။ ရေစီးကသန်တော့ ဆင်တောင် တောင်ကျရေစီးပြီဆို မခံနိုင် ဘူးလေ။ လူက ရေကူးတတ်လည်း တွယ်စရာမရှိရင် သေတာများတယ်” ဟု ပြောသည်။

ထိုနေ့က ယောင်းယင်းကျေးရွာအတွင်း တောင်ကျချောင်းရေ စီးဝင်လာခြင်းကြောင့် နေအိမ်တစ်လုံး နှင့် ပရိဘောဂ အသုံးအဆောင်များ ဆန်နှင့် မီးဖိုချောင်သုံး စားသောက်ကုန်များ အားလုံး ချောင်းရေစီးအတွင်း မျောပါ ဆုံးရှုံးသွားခဲ့သည် ဟု အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက ပြောသည်။

တောင်ကျချောင်း ရေစီးအတွင်း မျောသွားသည် နေအိမ်၌ နေထိုင်သည့် မိသားစုဝင် ၆ ဦး မှာ အသက်အန္တရယ် နှင့် ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း အိုးအိမ်မဲ့ဖြစ်တာ ဆွေမျိုးများထံ ယာယီ ခိုလှုံနေကြရသည်ဟု နီးစပ်သူများက ပြောသည်။

ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက “ဆန် ဆီ အဝတ်အစား စောင် တချို့တော့ ရွာခံတွေက ကူညီပေးတာရှိ တယ်။ အဖြစ်အပျက်ကို လူကယ်ပြန်နဲ့ သဘာဝဘေး စီမံခန့်ခွဲရေး ဦးစီးဌာနကို တင်ပြထားတယ်။ သေဆုံးသူ အတွက်ရော အိုးအိမ်မဲ့ မိသားစုအတွက်ရော ကူညီ ထောက်ပံ့ပေးတာ မရှိသေးဘူး“ ဟု ပြောသည်။

တင်းချောင်းကျေးရွာ အုပ်စုဝင် အခြားကျေးရွာများမှာ ငပုတောမြို့နယ်အတွင်းက ရခိုင်ရိုးမ တောင်စွယ် တောင် ခြေရှိ ကျေးရွာများဖြစ်ပြီး မိုးရာသီ ကာလတွင် တောင်ကျရေ စီးဆင်းမှုကြောင့် ရေကြီးရေလျှံမှု မကြာခဏ ဖြစ်ပွားကာ နေအိမ်အများအပြား ရေနစ်မြုပ်ခြင်း လူသေဆုံးခြင်းတို့ ဖြစ်ခဲ့ဘူးကြောင်း ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌လည်း ဆက်သွယ်‌ရေး တာဝါတိုင် ထိန်းသိမ်းသည့် ဝန်ထမ်း ၄ ဦး လှေဖြင့် တင်း ချောင်းကျေးရွာ ချောင်းအတွင်း ဖြတ်ကူးစဉ် မိုးသည်းထန်စွာ ရွာပြီး ချောင်းအတွင်း တောင်ကျရေ စီးဆင်းလာ ခြင်းကြောင့် လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါလှေနစ်မြုပ်မှုထဲ ဆက်သွယ်‌ရေး တာဝါတိုင် ထိန်းသိမ်းသည့် ဝန်ထမ်း ၄ ဦး အနက် ဝန်ထမ်း ၂ ဦး သေဆုံး ခဲ့သည်ဟု ဒေသခံများက ဆိုသည်။