မူဆယ်တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀ ကျော် ထွက်ပြေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာသည့်အတွက် ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု စစ်ဘေးရှောင်များကို သွားရောက်ကူညီသူက ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့က စယ်လန့်ကျေးရွာ အုပ်စုထဲက မိုင်းဆတ်၊ မန်ကန်၊ နမ့်ကတ်နှင့် စယ်လန့်ကျေးရွာ အနီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာသည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု စစ်ဘေးရှောင်များကို သွားရောက်ကူညီသူတစ်ဦးက ပြောသည်။

“မနေ့က ပရဟိတအသင်းတွေ တိုက်ပွဲရှောင်တွေကို သွားရောက်သယ်ဆောင်လာခဲ့တယ်။ တိုက်ပွဲရှောင်ရွာခံ တွေက ကြားညှပ်နေတာ။ အဲ့ဒါကြောင့် သွားခေါ်လာပြီး နမ့်စမ့်တုံခွမ်ရွာ လူငယ်ဇရပ်မှာ ပို့ဆောင်ပေးထား တယ်။အခုက သူတို့စသောက်ဖို့ ရှိထားပါတယ် တစ်ရက်၊နှစ်ရက်လောက် စားလောက်မယ်။”

တိုက်ပွဲများကြောင့် အိမ်ထောင်စု ၁၃၁ စုက လူဦးရေ ၃၄၆ ဦးသည် နမ့်စမ့်(တုံခွမ်)ကျေးရွာရှိ လူငယ်ဇရပ်တွင် ရောက်ရှိနေသည်ဟု စစ်ဘေးရှောင်များကို သွားရောက်ကူညီသူ က ဆက်ပြောသည်။

“အခုကောက်ထားတဲ့ လူဦးရေကတော့ မနက်က စာရင်းတွေပါ။ ဒီနေ့ထပ်ပြီး ရောက်လာတာရှိတယ်။ အခုက တောင် သူတို့ရွာဘက် တိုက်ပွဲသံကြားရတုန်း စစ်တပ်ကား ၇ စီးတက်လာတယ်ပြောတယ်။”

စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် PSLF/TNLA တပ်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း နမ့်ကတ်ကျေးရွာက ဒေသခံ အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးကျည် ထိမှန်ခဲ့သည်။

ပေါင်တွင် ထိခိုက်ဒဏ်ရာ ရရှိထားသည့် အဆိုပါ အမျိုးသမီးကို ပရဟိတ အသင်းများက မူဆယ်ဆးရုံသို့ ပို့ ဆောင်ပြီးနောက် ဒဏ်ရာ မပြင်းထန်သည့်အတွက် နမ့်စမ့်တုံခွမ်ရွာ လူငယ်ဇရပ်ကို ပြန်လည် ပို့ဆောင်ထား သည်ဟု ဆိုသည်။

စယ့်လန်ကျေးရွာ အုပ်စုထဲရှိ ဒေသခံများသည် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စက်တင်ဘာ ပထမပတ်တွင် နေရပ်ပြန်ခဲ့ကြသည်။

သို့သော် ယခုလ စက်တင်ဘာ ၁၈ ရက်နေ့တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာသည့်အတွက် နောက်တစ်ကြိမ် ထပ်မံတိမ်း ရှောင်နေကြရသည်။

ဩဂုတ်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စယ်လန့်ရွာက ဒေသခံ အမျိုသား ၂ ဦးလက်နက်ကျည် ထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့သလို နေအိမ်အချို့က လက်နက်ကြီး ထိမှန်ပျက်စီး ခဲ့သည်။

အလားတူ စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီ အချိန်ခန့်ကလည်း မိုးကုတ်မြို့နယ် အောက်ညောင် ကုန်းကျေးရွာတွင် တအာင်းတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် PSLF/TNLA တို့အကြား တိုက်ပွဲ ပေါင်း (၄၅) ကြိမ်ဖြစ်ပွားခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက် ရေးအပြင် အဖက်ဖက်က အကူအညီများ လိုအပ်နေသည်ဟု အကူအညီပေးရေးအဖွဲ့များနှင့် စစ်ဘေးရှောင် များ က ပြောသည်။