မူဆယ်နှင့် မိုးကုတ်ဒေသ တိုက်ပွဲများတွင် အရပ်သားများ ဒဏ်ရာရ၊ ကလေးငယ်တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်ဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့အကြားက တိုက်ပွဲကြောင့် ဘုန်းကြီးတစ်ပါးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ကလေးငယ် တစ်ဦး သေဆုံးသွားခဲ့သည်။
မူဆယ်မြို့နယ် တိန်းလုံးကျေးရွာအုပ်စု ကျန်းဆြာ ကျေးရွာရှိ ဆုတောင်းပြည့် (လွယ်ဆုတောင်း) တောင်တွင် ဆရာတော် ဆွမ်းစားနေသည့်အချိန် စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်က လက်နက်ကြီး ကျရောက်ပေါက်ကွဲရာမှ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အလားတူ မိုးကုတ်မြို့နယ် ညောင်ကုန်းကျေးရွာတွင်လည်း စက်တင်ဘာလ ၂၀ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီ အချိန်တွင် နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့်အတွက် သားအဖ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဖြစ်စဉ်ကို သိသော ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
၎င်းက “ဖြစ်တဲ့ချိန်က သူတို့အိမ်ပေါ်မှာ လက်နက်ကြီးကျရောက်လာတယ်။ထိသွားတဲ့ သားအဖနှစ်ဦးကို မိုး ကုတ်ဘက် အရင်သွားပို့တာ လမ်းကပိတ်ထားနေတော့ ကျောက်မဲဘက် ပြန်လာပို့ပေးတယ်။ သားက ဒဏ်ရာ ပြင်းထန်နေတော့ လမ်းမှာပဲဆုံးသွားတယ်” ဟု ပြောသည်။
သားအဖနှစ်ဦးအနက် သားဖြစ်သူမှာ ဆေးကုသရန် မိုးကုတ်သို့ သွားစဉ် လမ်းတွင် သေဆုံးသွားသည်ဟု ပြော သည်။
ထိခိုက်ဒဏ်ရာ ရရှိထားသည့် အမျိုးသားသည် အသက် (၃၅) နှစ် ဝန်းကျင်ရှိပြီး ခေါင်း၊ ညာဘက်လက်နှင့် ဘယ် ဘက်ဒူးတွင် ဒဏ်ရာရရှိထားသလို အသက် (၅) နှစ် အရွယ်ရှိ သားဖြစ်သူမှာ ဝမ်းဗိုက်တွင် အူများထွက်လာ သည့်အထိ ပြင်းထန်ဒဏ်ရာရရှိထားသည့်အပြင် ဒူးတွင်လည်း ဒဏ်ရာရရှိထားသည်ဟု ဆိုသည်။
“ကလေးအဖေ ဒဏ်ရာကတော့ ဒီနေ့မှ ခွဲစိတ်ခန်းဝင်တာ ကျနော်သေချာတော့ မသိရသေးဘူး။ သူတို့ကျေးရွာ ဘက်အခြေအနေလည်း ကျနော်မမေးကြည့်လိုက်ဘူး။”
မိုးကုတ်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ က စတင်ကာ ယနေ့အချိန်အထိ ညောင်းကုန်း ကျေးရွာ၊ ကုန်းစံကျေးရွာ စသည့် ကျေးရွာများအနီးတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မိုးကုတ် PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရကာ နေအိမ် အချို့ လက်နက်ကြီးထိမှန် ပျက်စီးခဲ့သည်။ ထို့အပြင် ကုန်းစံ၊ ဖြူရောင်၊ ညောင်ကုန်း၊ လွယ်ငြိမ်းစသည့် ဒေသခံ များလည်း ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ထို့အတူ စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း နမ့်ကတ်ကျေးရွာခံ အမျိုးသမီးတစ်ဦး လက်ကြီးကျည် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ကျေး ရွာခံ သုံးရာကျော်သည်လည်း နမ့်စမ့်(တုံခွမ်) ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေသည်ဟု စစ်ဘေးရှောင်များ နှင့် အကူအညီပေးသူများက ပြောသည်။