မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် စစ်ရှောင်များ၏ လယ်ဧက ၅၀၀ နီးပါး ရေမြုပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်။

စစ်ကောင်စီက မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့် စစ်ဘေးရှောင်များ၏ လယ်ဧက ၅၀၀ နီးပါး ရေနစ်မြုပ်သွား သည်ဟု ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် မိုးနေ့စဉ် ရက်ဆက် ရွာသွန်းလျှက်ရှိရာ ကြောင့် ရေဘေးအန္တရာယ် ကြုံတွေ့နေကြရသည်ဟု မြို့နေပြည်သူများက ပြောသည်။

ထိုသို့ ရေကြီးလာမှုကြောင့် မိုးဗြဲရေကာတာ အတွင်း၌ ရေများ လျှံကျနေပြီး စစ်ကောင်စီက ရေလျှံကျမှု (ရေကာ တာပေါက်ကျမှာ) ကို ကာကွယ်ရန်အတွက် အောက်တိုဘာလ ဒုတိယအပတ်မှ စပြီး ရေကာတာ ဖောက်ချနေ သည်ဟု ဆိုသည်။

သို့သော် ရေဖောက်ချမှုနှုန်းမှာ တစ်ရက် ၅ ပေနှုန်းဖြင့် မတန်တဆ ဖြစ်သောကြောင့် လယ်ကွင်းအချို့ ရေမြုပ်ပြီး စစ်ဘေးရှောင်များပါ နေရာပြောင်းရွှေ့နေရသည်ဟု မိုးဗြဲ Local PDF တာဝန်ရှိသူများက ပြောသည်။

မိုးဗြဲ Local PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “အခုက ရွာဆိုတာထက် စစ်ဘေးရှောင်ပေါ့နော်။ မိုးဗြဲမြို့ ပေါ်မှာ ရှိတဲ့ ပြည်သူတွေက သူတို့လယ်က ဘီလူးချောင်း နံဘေးမှာ ရှိတာပေါ့နော်။ သူတို့ လယ်မှာပဲ သွားကြ တယ်လေ။ ဒါကြောင့် စစ်ဘေးရှောင်တွေပဲ အဓိက သူတို့လယ်တွေ တဲတွေ ရေမြုပ်ခံရတာပေါ့။ အဲ့မှာဆိုလည်း စစ်ဘေးရှောင် အိမ်ခြေ ၂၀၀၊ ၃၀၀ လောက် ရှိတယ်ပေါ့နော်။ ညောင်ဝိုင်းက ပြည်သူတွေ မနေရဲဘူးလေ။ အဲမှာ စစ်ခွေးတွေ ရှိတော့ သူတို့က အကုန်လုံး‌ ရှောင်ထွက်နေရတယ်လေနော်။ ဒါပေမယ့် အခုအဓိက ဒုက္ခရောက်တဲ့ ပြည်သူက ဒီမိုးဗြဲနယ်မှာ ရှိတဲ့ စစ်ဘေးရှောင်က သူတို့ လယ်က ဘီလူးချောင်းနံဘေးမှာပဲ ရှိတယ်ပေါ့နော်။ အဲ့ ဒါကြောင့် သူတို့က လယ်သွားလုပ်ရင်းနဲ့ စစ်ရှောင်ရင်းနဲ့ အခု ရေကြီးတော့ ဒုက္ခရောက်ကုန်တာပေါ့နော်” ဟု ပြောသည်။

ယခင်က မိုးဗြဲတွင် ၅ နှစ်တစ်ခါ ရေကြီးလေ့ရှိပြီး ရေကြီးသည့် အချိန်တိုင်း ရေကာတာ ဖောက်ချလေ့ရှိသော် လည်း ယခုတစ်ကြိမ်တွင် စစ်ကောင်စီက သတ်မှတ်ပမာဏထက် ကျော်လွန်၍ အဆမတန် ရေဖောက်ချနေခြင်း ကြောင့် စစ်ဘေးရှောင်များ ပြောင်းရွှေ့နေရခြင်း ဖြစ်သည်။

လတ်တလော မိုးဗြဲမြို့ အနီးတစ်ဝိုက်နှင့် ဘီချောင်း တောင်ဘက်တစ်လျှောက် နေရာများရှိ စစ်ဘေးရှောင်များ၏ လယ်ဧက ၅၀၀ နီးပါး ရေလွှမ်းခံနေရပြီး စစ်ဘေးရှောင် ၁,၅၀၀ ဝန်းကျင်ခန့်လည်း နေရာပြောင်းရွှေ့နေရသည် ဟု ဆိုသည်။

“(ရေ)ထပ်တက်မယ် ဆိုရင်တော့ မြုပ်နိုင်တဲ့ အခြေအနေ ရှိတယ်။ ဒါပေမယ့် မိုးအပေါ် မူတည်မယ် ထင်တယ် လို့နော်။ မိုးတအား ထပ်ရွာမယ် ဆိုရင်တော့ တက်ဖို့ ရှိမယ်။ ဒါပေမယ့် ရာသီဥတု မိုးက ထပ်မရွာဘူး ဆိုရင် တော့ အဲ့ဒီ တစ်ခုရယ် နောက်ပြီးတော့ ရေကာတာဖောက်တဲ့ စစ်ကောင်စီကလည်း တစ်ခုပေါ့။ သူတို့က ရေထပ် လွှတ်မယ်ဆိုရင်တော့ ထပ်မြုပ်ဖို့ ရှိမယ်။ ဒါပေမယ့် သူတို့က ရေကာတာမှာပဲ ထိန်းထားမယ် ဆိုရင်တော့ အဲ့ လောက် မဟုတ်ဘူးပေါ့နော်။ ဒီအနေအထားပဲ ရှိမယ်၊ ဆိုးလည်း ဒီထက် နည်းနည်းပဲ ဆိုးမယ်။ တအား မဆိုး ဘူးပေါ့။ အခု လည်း ဒီပြည်သူတွေလည်း ပြောင်ကုန်ပြီလေနော်။ အရင်က သူတို့ လယ်လည်း ရိတ်သိမ်းတဲ့ အချိန်ရောက်ပြီ အခုက ရေမြုပ်ကုန်ပြီလေနော်” မိုးဗြဲ Local PDF ပြန်ကြားရေး တာဝန်ရှိသူက ဆက် ပြော သည်။

ရေဘေးအန္တရာယ်ကြောင့် မိုးဗြဲမြို့ရှိ စစ်ဘေးရှောင်များသည် မြို့တောင်ဘက် တောတောင်များထဲနှင့် လွိုင်ကော် မြို့ပေါ်သို့ပါ အရေးပေါ် ပြောင်းရွှေ့နေရပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်း အကူအညီများ လိုအပ်နေကြသည်။

ထို့အပြင် မိုးဗြဲရေကာတာမှ ဖောက်လွှတ်လိုက်သော ရေများသည် လွိုင်ကော်မြို့ ဘီလူးချောင်းဘေးရှိ ဒေါတမ၊ လောဓမ္မ၊ ဓမ္မာရုံ၊ မှုံပြာ၊ နန်းကွတ်၊ ဈေးပိုင်း၊ ရွှေတောင်၊ ဒေါနိုကူး စသည့်ရပ်ကွက်များ ဝင်ရောက်ပြီး ရေလွှမ်း လာနိုင်ချေ ရှိသောကြောင့် ရပ်ကွက်နေပြည်သူများ အနေဖြင့် စိုးရိမ်ထိတ်လန့်နေကြသည်။

စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့အတွင်း၌ ပြန်လည် တပ်စွဲနိုင်ရန် ရည်ရွယ်ချက်ဖြင့် မိုးဗြဲရေကာတာမှ အဆမ တန် ရေဖောက်ချနေရခြင်း ဖြစ်ပြီး မြို့နေပြည်သူများ အနေဖြင့် စစ်ကောင်စီ၏ လှည့်ကွက်များအား သတိထား ကြရန်နှင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ကြရန် မိုးဗြဲ Local PDF တာဝန်ရှိသူများက သတိပေးထားသည်။