စစ်ကောင်စီတပ်က ရွာသားတစ်ဦးကို ပစ်သတ်၊ နေအိမ် ၁၇ လုံး မီးရှို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှ ရွာသားတစ်ဦးကို ဖမ်းဆီး ပစ်သတ်ခဲ့သည့်အပြင် နေအိမ် ၁၇ ဆောင်ကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရေးအတွက် အင်အားအများအပြားဖြင့် စစ်ကြောင်းသုံးကြောင်းခွဲပြီး ရေဖြူမြို့ အနောက်ဖက်ကမ်းရှိ ကျေးရွာများ၊ နဘုလယ်ဒေသအတွင်းမှ ကျေးရွာများနှင့် ဘဝါကမ်းခြေရွာတဝိုက် နေရာဒေသများသို့ စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်သည်။

“ရုတ်တရက်ကြီး မထင်မှတ်တဲ့အချိန် ရွာထဲ စစ်တပ်ရောက်လာတာဆိုတော့ ဘာတစ်ခုမှ ယူချိန်မရလိုက်ဘူး၊ အိမ်ထဲမှာရှိတဲ့ တန်ဖိုးကြီးပရိဘောဂပစ္စည်းတွေ၊ ဆိုင်ကယ်တွေနဲ့ အိမ်တဆောင်လုံး မီးရှို့ဖျက်ဆီးခံလိုက်ရ တယ်” ဟု နေအိမ်မီးရှို့ခံလိုက်ရသူ အသက် ၄၀ ခန့်အရွယ် မူးဒူးရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့မှစတင်ပြီး ရေဖြူမြို့အနောက်ဖက်ခြမ်းသို့ ဝင်ရောက် လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် စစ်ကောင်စီစစ်ကြောင်းမှာ ကင်းကျေးရွာ ချောင်းထဲတွင် ပိုက်ထောင်နေသည့် ဦးသီးဝင်းဆိုသူကို ဖမ်းဆီးသွားခဲ့ သည်။

ဖမ်းဆီးခံရပြီး သုံးရက်အကြာ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် မှောက်လျက် သေဆုံးနေသည့် ဦးသီးဝင်း ၏ ရုပ်အလောင်းကို ချောင်းထဲတွင်တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မူးဒူးအရှေ့ရွာသို့ အောက်တိုဘာလ ၂၀ ရက်နေ့၊ နံနက်အစောပိုင်းတွင် ရောက်ရှိလာသည့် စစ်ကြောင်းတစ် ကြောင်းကမူ နေအိမ် ၁၇ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေပိုင်းတွင်ပြန်ထွက်သွားခဲ့သည်ဟု ရွာသားများ က ပြောသည်။

စစ်ကောင်စီတပ် ပြန်ထွက်ခွာသွားပြီး နောက်တနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရွာသား အချို့ က ၎င်းတို့၏ရွာထဲကို ပြန်ဝင်ကြည့်ချိန် အိမ်နံရံ အတော်များများတွင် “အကြမ်းဖက်ထောက်ပံ့အားပေးများ ကြည့်ထား၊ နောက်တခါ တရွာလုံးကို ပြာကျမယ်” ဆိုသည့် ခြိမ်းခြောက်စာများ ရေးသားထားသည်ကိုလည်း တွေ့မြင်ရသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေသည့် ၄ ရက်တာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ၃ ကြိမ် ထက် မနည်း တိုက်ပွဲဖြစ်ပွားသံများ ကြားနေရသည်ဟု မူးဒူးရွာသားများက ပြောသည်။

မူးဒူးကျေးရွာ အပါအဝင် ရေဖြူမြို့နယ်အနောက်ဖက်ခြမ်းရှိ ကျေးရွာပေါင်း တစ်ဆယ်ကျော်မှ ရွာသားများမှာ ဘေးလွတ်ရာကို ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များ ကူညီပေးရေး အဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မူးဒူးကျေးရွာသည် အိမ်ထောင်စု ၅၀၀ နီးပါးခန့်ရှိပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသလို လယ်ယာလုပ်ငန်းနှင့် ဥယျာဥ်ခြံလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် အနီးတွင်ရှိသည့် ကျေးရွာကြီးတစ်ရွာ ဖြစ်သည်။

စစ်ကောင်စီမှ နယ်မြေရှင်းလင်းရေးနှင့် စိုးမိုးရေး အတွက်ဟုဆိုကာ ရေဖြူမြို့နယ်အနောက်ဘက်ရှိ ကျေးရွာ များနှင့် ထားဝယ်အထူးစီးပွားရေးဇုန် ဒေသအတွင်း ဩဂုတ်လမှစ၍ ယခု အောက်တိုဘာလအထိ မကြာခဏ စစ်ကြောင်းထိုးလျက်ရှိနေသည်။