သုံးနှစ်ကြာ ရပ်ဆိုင်းထားသည့် တောင်ကြီး တန်ဆောင်တိုင် ပြန်လည် ကျင်းပမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် ၃ နှစ်ကြာရပ်ဆိုင်းထားသည့် တန်ဆောင်တိုင် ပွဲတော်အား ယခု ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ဦးစီးကျင်းပမည်ဟု ဌာနဆိုင်ရာ သတင်းအရင်းအမြစ်များက ‌ပြောသည်။

မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်များမှ တစ်ခုဖြစ်သည့် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အား ယခင်က ဆုချီး မြင့်သည့် ကုန်ကျစရိတ် တစ်ခုတည်းအတွက်သာ ရှမ်းပြည်နယ် အစိုးရဘက်က ကျခံခဲ့သော်လည်း ယခုနှစ်တွင် ပွဲအစအဆုံး ကုန်ကျစရိတ်များအား စစ်ကောင်စီက ကျပ်ငွေ သိန်း ၁၀,၀၀၀ မတည်ပေးမည်ဟု ဆိုသည်။

မီးပုံးပျံလုပ်ရာအတွင် ကျွမ်းကျင်သူ ယမ်းဆရာ တစ်ဦးက “ဒီနှစ်တော့ ဒေသခံတွေ ဦးစီးတဲ့ပွဲ မဟုတ်တော့ ပါကြ တဲ့ ယမ်းဆရာတွေ နည်းတယ်ပေါ့။ ဒါကြောင့် သူတို့(စစ်ကောင်စီ)က မီးပုံးပျံအတွက် ပိုက်ဆံပေးပြီး အပ်တာ။ ညမီးကြီးတစ်လုံးဆို သိန်း ၈၀ ကနေ ၁၀၀ ကြားရှိတယ်။ စိန်နားပန် ဆိုရင် သိန်း ၄၀ အဲလိုနှုန်းနဲ့ အပ်တာ။ ပြီး တော့ သူတို့ သတ်မှတ်ထားတဲ့ အလုံး ရေအတိုင်း အပိုအလိုမရှိ လွှတ်ရမယ်ဆိုတော့ ယတြာချေတယ်လို့ပဲ မြင် တယ်” ဟု ပြောသည်။

ထို့အပြင် မီးပုံးပျံအသင်းများ သာမက ရပ်ကွက်တစ်ခုချင်းစီကိုလည်း ‌ငွေကျပ် ၁၈ သိန်းစီ ချပေး၍ အတင်း အကျပ် ဖိအားပေးကာ မီးပုံးပျံပြုလုပ်ခိုင်းနေသည်ဟု ဒေသခံများက ပြောသည်။

သို့သော် မီးပုံးပျံ တစ်လုံးအတွက် ကုန်ကျစရိတ်မှာ ၁၈ သိန်းမကသောကြောင့် လိုအပ်သည့်ငွေအား ရပ်ကွက် ရံပုံငွေမှ စိုက်ထုတ်ရမည်ဟု ဆိုကြသည်။

တောင်ကြီးမြို့ခံ အမျိုးသမီး တစ်ဦးက “ဒီပွဲက စည်ရင်လည်း စည်မှာပေါ့။ ညောင်ရွှေပွဲ ဆိုလည်း တခြားနယ်က လာတာတွေ နယ်ခံတွေ သွားလာနေတာ မြင်နေရတော့လေ။ ဒါပေမယ့် စည်စည် မစည်စည် ကျမတို့ကတော့ မသွားဖို့ ဆုံးဖြတ်ထားတယ်။ ကလေးအမေ ဆိုတော့လည်း ကလေးကို နေ့လွှတ်အရုပ်တွေ ပြပေးချင်တာတော့ ဖြစ်တာပေါ့။ ဒါပေမယ့်လည်း စကစ(စစ်ကောင်စီ) ဦးဆောင်တဲ့ပွဲတော့ မပါဝင်ချင်ဘူး။ Facebook တွေ TV တွေ ကနေပြပြီး ကလေး နားလည်အောင် ပြောပြရမှာပေါ့” ဟု ပြောသည်။

လတ်တလောတွင် ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တစ်လုံး လမ်းမကြီးပေါ်ရှိ အဝေရာမီးပုံးပျံကွင်းအား အကြီးစား ပြင်ဆင်မှုများ ပြုလုပ်နေပြီး ယခင် ပွဲကြည့်စင်များကိုလည်း ဖြိုဖျက်၍ အဆင့်မီ အဆောက်အအုံ အဖြစ် ပြန်လည် ဆောက်လုပ်နေသည်ဟု ဖြတ်သွားဖြတ်လာ တွေ့ရှိသူများက ပြောသည်။

၂၀၂၀ ခုနှစ်မှစ၍ COVID-19 ကပ်ရောဂါဘေးနှင့် စစ်အာဏာသိမ်းမှု ဖြစ်စဉ်များကြောင့် ၃ နှစ်ကြာ ရပ်ဆိုင်းခဲ့ရ သည့် တန်ဆောင်တိုင် ပွဲတော်အား လာမည့် နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ၂၇ ရက်နေ့အထိ ၇ ရက်ကြာ ကျင်း ပသွားမည်ဖြစ်ပြီး ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံ အလုံးရေပေါင်း ၆၃ လုံး လွှတ်တင်သွားရန် စီစဉ်ထားသည်။

ထို့အပြင် ယခင် ၂၀၁၉ ခုနှစ် ရှေ့ပိုင်း နှစ်များအတိုင်း မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် မြို့လုံးကျွတ် မဟာဘုံ ကထိန် ပွဲတော်များလည်း ထည့်သွင်းသွားမည်ဟု စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောသည်။

လာမည့် တန်ဆောင်တိုင်ပွဲအား စစ်ကောင်စီမှ ငွေကြေးအမြောက်အမြား အကုန်ကျခံ၍ ကျင်းပနိုင်ရန် စီစဉ်နေ သော်လည်း အောက်တိုဘာလ တတိယအပတ်အတွင်း အဝေရာမီးပုံးပျံကွင်း နေရာတွင် ချိန်ကိုက်ဗုံး တွေ့ရှိခဲ့ သောကြောင်း မြို့ခံများ အနေဖြင့် ပါဝင်ဆင်နွှဲရန် စိုးရိမ် ကြောက်လန့်နေကြသည်။

ဓါတ်ပုံ – NMG (ပုံစာ-တန်ဆောင်တိုင်ပွဲအတွက် ပြင်ဆင်နေမှု)