ကွတ်ခိုင်တွင် လက်နက်ကြီးကြောင့် အရပ်သား ၃ ယောက်သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦးနှင့် (ပရဟိတ သမားတစ်ဦး အပါအဝင်) အမျိုးသား ၂ ဦး သေဆုံးသွားခဲ့သည်။
အောက်တိုဘာလ ၃၀ ရက်နေ့ (ယမန်နေ့)၊ ညနေပိုင်း ၅ နာရီခွဲ ဝန်းကျင်အချိန်ခန့်တွင် နမ့်ဖတ်ကာ ရပ်ကွက် (၂)ရှိ မောရှမ်းထမင်းဆိုင် အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ သည်။
နမ့်ဖတ်ကာကျေးရွာမှ အမျိုးသားတစ်ဦးက “လက်နက်ကြီးက ဘယ်ကနေလာတာတော့ မသိဘူး။ အဲမှာ ကျကွဲ ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီးဆုံးသွားတယ်။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးက နမ့်ဖတ်ကာဆေးရုံ ရောက်မှ ဆုံးသွားတာ။ အားလုံးက အသက် ၂၀ ကျော်ဝန်းကျင်တွေပဲ ဗမာတိုင်းရင်းသားတွေ” ဟု ပြောသည်။
သေဆုံးသူ အမျိုးသား ၂ ဦးထဲက တစ်ဦးမှာ နမ့်ဖတ်ကာ မေတ္တာရှင်လူမှုကူညီရေး အသင်းဝင် တစ်ဦးဖြစ်သည်။
“ဆေးရုံမှာဆုံးသွားတဲ့ ကောင်လေးက မေတ္တာရှင် အသင်းထဲကလူပါ။ သူကဘယ်ကနေ လာမှန်းတော့ မသိဘူး။ ပေါက်ကွဲချိန်မှာ သူကိုထိသွားတာ အရမ်းနှမျောဖို့ ကောင်းပါတယ်။ သူကတစ်ကယ် ပရဟိတသမားလေးပါ လူနာတွေလိုက်ပို့ရင် သူလည်း သွားပေးတာရှိတယ်။ တစ်ကယ်စိတ်မကောင်းဘူး” ဟု ပြောသည်။
အောက်တိုဘာလ ၃၀ ရက်နေ့၊ ညနေပိုင်း ၆ နာရီခွဲဝန်းကျင် အချိန်ထိ နမ့်ဖတ်ကာတွင် လက်နက်ကြီး လက်နက် ငယ် ပစ်ခတ်သံများ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင်လည်း နမ့်ဖက်ကာ၊ ရပ်ကွက် ၄ ရှိ နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေး ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ သည်။ ထိခိုက်ဒဏ်ရာ ရရှိသူ ၅ ဦးရှိခဲ့သည်။
အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့ကပဲ နမ့်ခမ်းမြို့၊ စခန်းသစ်ကုန်းအနီးမှာလည်း နေအိမ်တစ်လုံးထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးငယ်၂ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် အောက်တိုဘာလ ၂၈ ရက်နေ့ စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲမှုထဲတွင်လည်း နမ္မတူမြို့နယ်ထဲက မန်ဆာကျေးရွာမှ အရပ်သား ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၅ လုံးထိမှန်ပျက်စီးသွားခဲ့သေး သည်။
ထိုနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းကလည်း သိန္နီမြို့နယ်တွင်လည်း စစ်ရှောင် အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်ပြီး ဆေးကုသခွင့် မရသောကြောင့် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့သေးသည်။
ရှမ်းမြောက် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ လားရှိုးနှင့် နမ့်ခမ်းမြို့နယ်များတွင် ကလေး ၂ ဦးအပါအဝင် အရပ် သား ခုနစ်ဦး သေဆုံးပြီး၊ ကလေးတစ်ဦးအပါအဝင် အရပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု UNOCHA Myanmar ၏ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် အနည်းဆုံး လူပေါင်း ၆၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး တောတောင်များထဲအပြင် ဘာသာရေး အဆောက်အုံ များတွင် ခိုလှုံနေကြရသည်ဟု UNOCHA က ဆိုသည်။