တနင်္သာရီမြို့ဗောဓိကမ်း တံတားတွင် ဆန်အိတ်များ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

တနင်္သာရီမြို့ ဗောဓိကမ်းတံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ဆန်သယ်ယူလာသည့် ကား ၂ စီးကို ဖမ်းဆီး ခဲ့သည်ဟု မြို့ခံများက ပြောသည်။ နောက်ပိုင်းတွင် ကားများကို ပြန်လွှတ်ပေးခဲ့သော်လည်း ဆန်အိတ်များကိုမူ သိမ်းဆည်းခဲ့သည်။

မြိတ်မြို့မှ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံကားငယ်တစ်စီးနှင့် အိမ်စီးကား (Nissan) တစ်စီးတို့ကို ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်က နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် တားဆီးရှာဖွေပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဆန်တင်လာသည့် ယာဥ်မောင်းနှစ်ဦးကို တနင်္သာရီမြို့ပေါ်ရှိ စရဖရုံးသို့ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးခဲ့ပြီး နောက် နေ့တွင်းချင်း ပြန်လွှတ်ပေးခဲ့သော်လည်း ဆန်အိတ် ၄၀ ခန့်ကိုမူ သိမ်းဆည်းခြင်းခံခဲ့ရသည်ဟု ဗောဓိ ကမ်းရွာသားတစ်ဦးက ပြောသည်။

ဗောဓိကမ်း ရွာသားတစ်ဦးက “လူတွေ ပြန်လွှတ်ပေးခဲ့ပေမဲ့ ဆန်အိတ်အားလုံး ကား ၂ စီးပေါင်း ၃၈ အိတ်ကို သိမ်းထားခဲ့တယ်။ အရင်ကလည်း ဆန်သယ်တဲ့ ကားတွေကိုဖမ်းပြီး PDF တပ်တွေကို ရိက္ခာထောက်ပံ့ဖို့ စွပ်စွဲ ပြီးတော့ ငွေကြေးတောင်းတာတွေရှိခဲ့တယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့်ကားများမှာ မြိတ်မြို့မှ သဘော့လိပ်ကျေးရွာသို့ ပြေးဆွဲနေသည့် ဒေသခံကားများ ဖြစ်ကြပြီး ဆန်အိတ် အမြောက်အများ သယ်ဆောင်လာသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခင်ကလည်း ဆန်သယ်ယူလာသည့် ကားများကို ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်နှင့် ညောင်ပင်ကွင်း ကျေးရွာ အခြေစိုက် ခမရ – ၅၆၁ တပ်ရင်းအရှေ့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့တွင် မကြာခဏ စစ်ဆေး ဖမ်းဆီးလေ့ ရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ် တကူကျေးရွာဘက်သို့လည်း ဇဝဲကျေးရွာ လမ်းဆုံ စစ်ဆေးရေးဂိတ်မှ တော်လှန်ရေး တပ်ဖွဲ့များထံ ရိက္ခာလမ်းကြောင်း ပြတ်တောက်စေရန် ရည်ရွယ်ချက်ဖြင့် ဆန်သယ်ခွင့်ကို လုံးဝပိတ်ပင်ထားသဖြင့် ဒေသခံများမှာ ဆန်ပြတ်လပ်မှုနှင့် ဈေးနှုန်းကြီးမြင့်မှုများကို ရင်ဆိုင်နေကြရသည်။

စစ်အုပ်ချုပ်ရေး ကြေငြာထားသည့် တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက စက်တင်ဘာလမှ စတင်၍ ဆန်နှင့်ရိက္ခာ သယ်ယူမှုများကို ကန့်သတ်ထိန်းချုပ်ထားသည်။