လွိုင်ကော်တွင် ပရဟိတ စေတနာ့ဝန်ထမ်းတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။
ကရင်နီ (ကယား)ပြည်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်၊ နောင်ယားဈေး အပေါ်ဘက်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုကြောင့် တမိုးတမြေ ပရဟိတ အသင်းမှ အသင်းသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက် ကြီးမှာ မန်းကျည်းပင်အပေါ်သို့ ကျရောက်ပြီးနောက် ၎င်းအား ထပ်မံ ထိမှန်ခဲ့ခြင်း ဖြစ်သည်။
တမိုးတမြေ ပရဟိတ အသင်း၏ ပြန်ကြားရေး တာဝန်ခံတစ်ဦးက “အဲ့ဒါက ဘယ်လိုပြောမလဲ။ ကျနော်တို့ ဒီအတိုင်း ထိုင်နေရင်းနဲ့ လက်နက်ကြီး ကျလာတော့ သူ့ကို လာထိတာ။ (သွားနေတဲ့ အချိန်) မဟုတ်ဘူး။ အသင်း သားတွေ စုပြီးနေတဲ့အချိန် လာထိတာ” ဟု ပြောသည်။
သေဆုံးသွားသူမှာ အသက် ၁၇ နှစ်အရွယ် မောင်အောင်သူရသိန်း ဖြစ်ပြီး တိုက်ပွဲအတွင်း ပိတ်မိနေသည့် စစ်ဘေးရှောင်များကို ကယ်ထုတ်ပေးနေသူ ဖြစ်သည်ဟု ဆိုသည်။
လတ်တလောတွင် စစ်ကောင်စီက အဖွဲ့ပိုင် ကား ၃ စီးအား သိမ်းဆည်းထားသည်ဟုလည်း တမိုးတမြေ ပရဟိတ အသင်း၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက ဆက်ပြောသည်။
“ကျနော်တို့အသင်းက တိုက်ပွဲထိတဲ့ သူတွေကို ကယ်ထုတ်တယ်။ ပြီးတော့ စစ်ရှောင်တွေကို ကယ်ထုတ်တော့ အဲ့ဒီမှာ သူတို့က ကယ်ထုတ်လို့ မရဘူးဆိုတဲ့ အမိန့် ထုတ်လိုက်တာ။ သူတို့ ကားကို သိမ်းသွားတာ အဲ့လို ကယ် ထုတ်လို့ ဆိုပြီးတော့မှ ဘယ်အသင်းအဖွဲ့မှ အဲ့လို ကူညီပိုင်ခွင့် မရှိအောင် သူတို့ အမိန့် ထုတ်ထားတယ်။”
နိုဝင်ဘာလ ၁၁ ရက်နေ့ ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက် လွိုင်ကော်မြို့ပြင်ရှိ နတ်နတ်တော၊ နန့်ကွတ်၊ ဓမ္မရုံ၊ ဒေါဥခူ၊ နောင်ယား စသည့် ရပ်ကွက်များတွင် စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် အရပ်သားပြည်သူ ၃၀ ကျော် သေဆုံးခဲ့ပြီး လူနေအိမ် အလုံးရေ ၅၀ ထက်မနည်း ပျက်စီးမှုရှိနေပြီဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ထို့အပြင် နိုဝင်ဘာလ ၁၃ ရက်နေ့ (ယမန်နေ့) က စတင်ပြီး လွိုင်ကော်မြို့နယ် လောပိတကျေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်နေကြပြီး လက်ရှိတွင် စာသင်ကျောင်းများကိုပါ ပိတ်ထားလိုက်ပြီဟု ဒေသခံများက ပြောသည်။
အဆိုပါ စစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လောပိတကျေးရွာရှိ စာသင်ကျောင်းတွင် နေရာယူထား သည်များလည်း ရှိနေသည်ဟု ဒေသအခြေစိုက် သတင်းဌာနဖြစ်သော ကန္တာရဝတီတိုင်း(မ်) ကို ဒေသခံပြည်သူ များက ပြောဆိုထားသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့စတင်ပြီး ယနေ့အချိန်ထိ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် လွိုင်ကော် – လောပိတ လမ်းမကြီးကိုပါ ပိတ်ထားသည်ဟု ဒေသခံများက ဆိုကြသည်။