ရာဘာလုပ်ငန်း လုပ်ကိုင်သူ ဘုန်းကြီးကား ယာဉ်မောင်း ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာတွင် ရာဘာခြံလုပ်ငန်း လုပ်လုပ်ကိုင်နေသူတစ်ဦး သေနတ် နှင့် ပစ်သတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ရွာသားများက ပြောသည်။

ပစ်သတ်ခံရသူမှာ ရငဲရွာသား အသက် ၄၈ နှစ်အရွယ် ကိုတင်ဇော် ဆိုသူဖြစ်ပြီး ဝဲရစ်ရွာသူနှင့် အိမ်ထောင်ကြကာ ရာဘာခြံ လုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ကြောင်းနှင့် လက်ရှိတွင် ဝဲရစ်ကျေးရွာ ဘုန်းကြီးကား ဒရိုင်ဘာအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦး “လာခေါ်တဲ့သူတွေက စကားချိုချိုသာသာပဲ ခဏလောက်လိုက်ခဲ့ပါ ဆိုပြီး ပြောခေါ်တော့ သူကလည်း အေးအေး ဆေးဆေးပဲ လိုက်သွားတာ။ ခေါ်သွားပြီး မိနစ်ပိုင်းအတွင်းမှာပဲ သေနတ်ပစ်သံ ၃ ချက်ကြားရတယ်။ လမ်းမပေါ် မှာ သွေးသံတရဲရဲနဲ့ ကိုတင်ဇော် သေနေတာ တွေ့တယ်ဆိုပြီး ရွာသားတွေ လာပြောလို့ သိရတယ်” ဟု ပြောသည်။

နေအိမ်တွင်ရှိနေသည့် ကိုတင်ဇော်အား ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် လူနှစ်ဦးက နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က မေးမြန်းစရာရှိသည်ဟု ဆိုကာ ခေါ်ယူသွားခဲ့ပြီးနောက် မိနစ်ပိုင်းအကြာတွင် ပစ်သတ်ခံရ ခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူက ပြောသည်။

ကိုတင်ဇော်၏ အလောင်းကို ရွာသားများနှင့် ဆွေမျိုးများက ဝိုင်းဝန်းသယ်ယူပြီး ထိုနေ့ နံနက်ပိုင်း ၁၀ နာရီခန့်မှာပင် ဝဲရစ် သုဿန်တွင် နေ့ချင်းပြီး မြေမြုပ်သင်္ဂြိုဟ်လိုက်ကြသည်။

ကိုတင်ဇော် သေဆုံးချိန် ဇနီးဖြစ်သူ အပါအဝင် သား ၂ နှစ်၊ သမီး ၃ ဦးကျန်ရစ်ခဲ့ပြီး အငယ်ဆုံးသမီးဖြစ်သူမှာ အသက် ၆ နှစ်ဝန်းကျင်ခန့်သာ ရှိသေးကြောင်း ရွာသားများက ပြောသည်။

ကိုတင်ဇော် အသတ်ခံရသည်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက မည်သည့် အကြောင်းကြောင့် သတ်သွားသည်ကို မသိရသေးဟု မိသားစုဝင်များက ပြောသည်။