ကရင်နီပြည် တစ်ခုလုံး စစ်ကောင်စီ အုပ်ချုပ်ရေး ရပ်ဆိုင်းပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်။

ကရင်နီပြည် မြို့တော် လွိုင်ကော်မြို့မှာ သာမက တစ်ပြည်နယ်လုံးတွင် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရား လည်ပတ်မှု ရပ်ဆိုင်းသွားပြီဟု ကရင်နီပြည် ကြားကာလအတိုင်ပင်ခံ ကောင်စီနှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တာဝန်ရှိသူများက ပြောသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်သည့် ၁၁.၁၁ စစ်ဆင်ရေးမှာ ယနေ့ (နိုဝင်ဘာလ ၂၈ ရကပ်နေ့) အချိန်ထိ မြေပြင်တွင် တိုက်ပွဲများ ပြင်းထန်သလို ယခုစစ်ဆင်ရေး မတိုင်ခင်က လည်ပတ်နေသည့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာရုံးများ အားလုံး ရပ်တန့်သွားပြီဟု ပြောသည်။

မြို့တော် လွိုင်ကော်တွင် သာမကဘဲ တပြည်နယ်လုံး အတိုင်းအတာနှင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရား လည် ပတ်မှု ရပ်ဆိုင်းသွားပြီဟု ကရင်နီပြည် ကြားကာလအတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြော သည်။

“သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားက တော်တော်လေးကြာပါပြီ။ လွိုင်ကော်မြို့ကို တိုက်မှတော့ မဟုတ်ဘူးလေ ဘာကြောင့်လဲဆို ကျနော်တို့က ဧရိယာရဲ့ ၆၅ ရာခိုင်နှုန်းကျော်ကို ကျွန်တော်တို့ နကိုကတည်းက စိုးမိုးထားပြီး ဖြစ် တယ်။ စစ်ကောင်စီက အခုလက်ရှိ မြို့ထဲမှာရှိတဲ့ သူတို့တပ်ရင်းတွေထဲမှာပဲ ရှိတော့တာဖြစ်တယ် သူတို့ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းတွေက ဘာမှ အကောင်ထည်ဖော်လို့ မရတော့ဘူး။ အဓိ က က သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ လုံးဝမရှိတော့အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အခုလိုမျိုး စစ်ဆင်ရေး လုပ်နေရတာဖြစ်တယ်ပေါ့။”

၁၁.၁၁ စစ်ဆင်ရေးမှာ ဆက်လက်ပြင်းထန်လျက်ရှိပြီး လွိုင်ကော်မြို့ အတွင်းရှိ ဌာနဆိုင်ရာရုံးများ အားလုံးနီးပါး ရပ်ဆိုင်းကုန်ပြီဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ဆက် ပြောသည်။

“လုံးဝကိုယန္ဒရားတွေမရှိတော့ဘူး။ စစ်တပ်ကနေပဲ စစ်မြေပြင် တပ်ကုန်းပုံစံမျိုးပဲ လွိုင်ကော်မြို့ကို စီမံနေတာ ဖြစ် ပါတယ်။ မြို့နယ်အဆင့်ဆင့် ရပ်ကွက်အဆင့်ကို သိရသလောက် သူတို့ကနေကတုတ်ကျင်းတွေ တူးတာတွေ နောက် ဘန်ကာတွေ တည်ဆောက်တာတွေ အဆောက်အအုံတွေမှာ အခိုင်အမာ တပ်စွဲထားတယ်လို့ ကျနော်တို့ သိရပါတယ်။”

IEC အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်ကလည်း ပြည်နယ်၏ မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့ကလည်း စစ်ဇုန် ဖြစ်သွားပြီးနောက် ယခုကဲ့သို့ စစ်တပ်၏ အုပ်ချုပ်မှု ယန္တရားကအစ ရပ်တန့်သွားခြင်း ဖြစ်သည်ဟု ပြောသည်။

“အခုလက်ရှိ လွိုင်ကော်မြို့ထဲမှာတော့ ဟုတ်တယ် စစ်ကောင်စီအုပ်ချုပ်မှုယန္ဒယားကတော့ ရပ်တန့်နေပြီလို့ ပြောလို့ ရတယ်ပေါ့နော်။ အဓိကကတော့ တိုက်ပွဲတွေဖြစ်နေတယ်။ မြို့ကလည်း စစ်ဇုန်ဖြစ်သွားပြီ။ ဒါကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရားကတော့ လွိုင်ကော်မြို့မှာ မရှိတော့တဲ့ အနေထားမျိုးဖြစ်နေပြီပေါ့နော်။”

မြို့တော်လွိုင်ကော်တွင် ရှိနေသည့် စစ်ကောင်စီ၏ လက်အောက်ခံ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းအများစုက လည်း လက်ရှိတွင် စစ်ဘေးရှောင်များ ဖြစ်ကုန်ကြပြီဟု ဆိုသည်။

လွိုင်ကော်မြို့က ဌာနဆိုင်ရာရုံးများ အားလုံးတွင်လည်း မည်သူမျှပင် မရှိတော့ဘူးဟု လွိုင်ကော်မြို့ခံ တစ်ဦးက ပြောသည်။

“ကျောင်းတွေတော့ ပိတ်ကုန်ပြီ။ ရုံးကတော့ မပိတ်လို့ မရဘူး။ ဘယ်သူမှမသွားတော့ဘူး။ ဘယ်သူမှ မလုပ်ရဲတော့ဘူး။”

လက်ရှိတွင် ကရင်နီပြည်၏ မြို့တော်လွိုင်ကော်အပါအဝင် မြို့နယ် ၇ မြို့နယ်ဖြစ်သည့် ဒီးမော့ဆို၊ ဖရူဆို၊ ဘော လခဲ၊ ဖာဆောင်း၊ မယ်စဲ့နှင် ရှားတောမြို့နယ်တို့တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုအပြင်၊ လမ်းသွားပြည်သူကို ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ အယောက် ၆၀ ကျော် သေဆုံးမှု ရှိနေသည်ဟု မြေပြင်တွင် ကူညီကယ် ဆယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

ထို့အပြင် လွိုင်ကော်မြို့ထဲတွင် ကျန်နေသေးသည့် ပြည်သူများကို ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကူညီကယ် ဆယ်ရေး လုပ်ဆောင်နေသူများက ဆက်လက်ကယ်ထုတ်ပေးနေကြသည်။