ကရင်နီ လူဦးရေ ၉၀ ရာနှုန်း စစ်ရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်။

စစ်ရေးပဋိပက္ခကြောင့် ကရင်နီ တစ်ပြည်နယ်လုံး အတိုင်းအတာအနေဖြင့် ပြည်နယ် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်ဖြစ်သော လူဦးရေ သုံးသိန်းနီးပါး နေရပ်အသီးသီးကနေ စွန့်ခွာပြီး စစ်ဘေးရှောင် နေရကြရသည်။

၁၁.၁၁ စစ်ဆင်ရေးစတင်ပြီး နောက်ပိုင်း စစ်ရှောင်ပြည်သူ ၅သောင်းနီးပါး ထပ်တိုးသွားသည်ဟု ကရင်နီလူ့အခွင့် အရေးအဖွဲ့ KnHRG ကို တည်ထောင်သူ ဦးဗညားက ပြောသည်။

”အာဏာသိမ်းပြီးနောက်ပိုင်း ကျွန်တော်တို့ ပြည်နယ်မှာကတော့ လူတွေအများအပြား စတင် ရွှေ့ပြောင်းတာ ကတော့ မေလ ၂၁ ရက်နေ့ပေါ့နော်။ တိုက်ပွဲစဖြစ်တဲ့နေ့လို့ ပြောလို့ရတယ်ပေါ့။ အဲဒီကနေ ဆက်တိုက် ဒီ လွိုင် ကော်မြို့ပေါ် ၁၁.၁၁ operation မစခင်ကတည်းက နှစ်သိန်းခွဲကျော် ရှိတယ်လို့ အချက်အလက်အရ ပေါ့နော်။ အခုနောက်ပိုင်း လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း အခုဆို အနည်းဆုံး လူဦးရေ လေးသောင်းခွဲ ရှိသွား ပြီလို့ ပြောလို့ရပါတယ်။ ဒီရက်ပိုင်းအထိ လူဦးရေ သုံးသိန်းဝန်းကျင် စစ်ရှောင်ပုံစံမျိုး ဖြစ်သွား ပြီပေါ့နော်။”

ယေဘုယျအားဖြင့် ခြုံကြည့်လျှင် ကရင်နီတစ်ပြည်နယ်လုံး၏ ပြည်သူ ၉၀ ရာခိုင်နှုန်းခန့်က စစ်ဘေးရှောင် နေကြရသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။

”တစ်ပြည်လုံးမှာရှိတဲ့ ပြည်သူတွေအားလုံးနီးပါးတော့ စစ်ရှောင်နေရတဲ့ အနေအထားမျိုး ဖြစ်သွားပြီပေါ့နော်။ ပြည်နယ် တစ်ပြည်နယ်လုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်တောင် ဖြစ်သွားပြီ။ ကျန်တဲ့၁၀ ရာခိုင်နှုန်းကတော့ တချို့ သောကျေးရွာတွေ မရှောင်ရသေးတဲ့ ဒေသတွေပဲရှိမယ်ပေါ့။ ကျန်တဲ့ဟာတွေကတော့ ကိုယ့်ရွာကနေ အခြား နေရာကို ရှောင်တာမျိုးတွေ တိုက်ပွဲဖြစ်ရင်တော့ ရွာရဲ့ အရှေ့၊ နောက်၊ တောင်၊ မြောက် လုံခြုံတဲ့နေရာ ရှောင် ပြီး တိုက်ပွဲငြိမ်ရင်ပြန်လာ ဆိုတဲ့ဟာမျိုးက နေရာတော်တော်များများမှာ အနိမ့်ဆုံးက အဲ့လိုမျိုး ဖြစ်သွားပြီ ပေါ့။”

စစ်ကောင်စီ၏ စစ်ကြောင်းများ မရောက်နိုင်သည့် ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စုဘက်တွင်မူ တိုက်ပွဲ ဖြစ် ပွားမှုမရှိသော်လည်း လေကြောင်းမှ ပစ်ခတ်မှု၊ လက်နက်ကြီးသုံး ပစ်ခတ်မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ခရောကျေးရွာက မစေးလားဖောက ပြောသည်။

ကရင်နီပြည်တွင် ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းကစတင်၍ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ စစ်ဘေး ရှောင်ဦးရေ ၂သိန်းခွဲခန့်ရှိခဲ့ရာ ဒီးမော့ဆိုမြို့နယ်ထဲတွင် ၇၀,၀၀၀ နီးပါး၊ လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့ တွင် ၄၀,၀၀၀ ခန့်စီ ရှိခဲ့ကြပြီး မယ်စဲ့၊ ရှားတော၊ ဘောလခဲ၊ ဖာဆောင်းမြို့နယ်များတွင် ၂၅,၀၀၀ ခန့်ရှိနေသည်။

ထို့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံထဲကိုလည်း လူဦးရေ ၃၀,၀၀၀ နီးပါးခန့် ရောက်ရှိသွားသည်ဟု IEC လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူညီပေးရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။