စစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရား ရပ်ဆိုင်းသွားသည့် ကရင်နီပြည်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
ကရင်နီပြည် မြို့တော် လွိုင်ကော်မြို့မှာ သာမက တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်မှု ရပ်ဆိုင်းသွားပြီလို့ ဆိုကြပါတယ်။
ကရင်နီပြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဦးဆောင်နိုင်ဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံ ကောင်စီ (KSCC) ကို ဖွဲ့စည်းပြီး ကြားကာလ ကရင်နီပြည် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကို ဖွဲ့စည်းထားသလို ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပါတယ်။
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မြို့အပြင် တစ်ပြည်နယ်လုံးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ်မှု ရပ်ဆိုင်း သွားပြီလို့ ဆိုကြပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်တဲ့ ၁၁.၁၁ စစ်ဆင်ရေးဟာ ဒီနေ့အချိန် ထိ မြေပြင်မှာ တိုက်ပွဲတွေ ပြင်းထန်သလို ဒီစစ်ဆင်ရေး မတိုင်ခင်က လည်ပတ်နေသေးတဲ့ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ အားလုံး ရပ်တန့်သွားပြီလို့ ဆိုပါတယ်။
မြို့တော် လွိုင်ကော်မှာသာမကဘဲ တပြည်နယ်လုံး အတိုင်းအတာနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား လည်ပတ် မှု ရပ်ဆိုင်းသွားပြီလို့ ကရင်နီပြည် ကြားကာလအတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောပါ တယ်။
“သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားက တော်တော်လေးကြာပါပြီ။ လွိုင်ကော်မြို့ကို တိုက်မှတော့ မဟုတ်ဘူးလေ ဘာကြောင့်လဲဆို ကျွန်တော်တို့က ဧရိယာရဲ့ ၆၅ ရာခိုင်နှုန်းကျော်ကို ကျွန်တော်တို့ နကိုကတည်းက စိုးမိုးထား ပြီး ဖြစ်တယ်။ စစ်ကောင်စီက အခုလက်ရှိ မြို့ထဲမှာရှိတဲ့ သူတို့တပ်ရင်းတွေထဲမှာပဲ ရှိတော့တာဖြစ်တယ် သူတို့ ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြု ရေး၊ တရားစီရင်ရေး လုပ်ငန်းတွေက ဘာမှ အကောင်ထည်ဖော်လို့ မရတော့ဘူး။ အဓိက က သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ လုံးဝမရှိတော့အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အခုလိုမျိုး စစ် ဆင်ရေး လုပ်နေရတာဖြစ်တယ်ပေါ့။”
၁၁.၁၁ စစ်ဆင်ရေးဟာ ဆက်လက်ပြင်းထန်လျက်ရှိပြီး လွိုင်ကော်မြို့ အတွင်းက ဌာနဆိုင်ရာရုံးတွေ အားလုံး နီးပါး ရပ်ဆိုင်းကုန့်ပြီလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ဆက်ပြောပါ တယ်။
“လုံးဝကိုယန္ဒယားတွေမရှိတော့ဘူး စစ်တပ်ကနေပဲ စစ်မြေပြင် တပ်ကုန်းပုံစံမျိုးပဲ လွိုင်ကော်မြို့ကို စီမံနေတာ ဖြစ် ပါတယ်။ မြို့နယ်အဆင့်ဆင့် ရပ်ကွက်အဆင့်ကို သိရသလောက် သူတို့ကနေကတုတ်ကျင်းတွေ တူးတာတွေ နောက် ဘန်ကာတွေ တည်ဆောက်တာတွေ အဆောက်အအုံတွေမှာ အခိုင်အမာ တပ်စွဲထားတယ်လို့ ကျွန်တော် တို့ သိရပါတယ်”
IEC အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်ကလည်း ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့ဟာလည်း စစ်ဇုန် ဖြစ်သွားပြီးနောက် အခုလို စစ်တပ်ရဲ့ အုပ်ချုပ်မှု ယန္တရားကအစ ရပ်တန့်သွားတာလို့ ပြောပါတယ်။
“အခုလက်ရှိ လွိုင်ကော်မြို့ထဲမှာတော့ ဟုတ်တယ် စစ်ကောင်စီအုပ်ချုပ်မှုယန္ဒယားကတော့ ရပ်တန့်နေပြီလို့ ပြောလို့ ရတယ်ပေါ့နော်။ အဓိကကတော့ တိုက်ပွဲတွေဖြစ်နေတယ်။ မြို့ကလည်း စစ်ဇုန်ဖြစ်သွားပြီ။ ဒါကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရားကတော့ လွိုင်ကော်မြို့မှာ မရှိတော့တဲ့ အနေထားမျိုးဖြစ်နေပြီပေါ့နော်။”
စစ်ကောင်စီရဲ့ လက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းအများစုကလည်း အခုဆိုရင် စစ်ဘေးရှောင်တွေ ဖြစ် ကုန်ပြီလို့ဆိုပါတယ်။ လွိုင်ကော်က ဌာနဆိုင်ရာရုံးတွေအားလုံးမှာလည်း ဘယ်သူမှ မရှိတော့ဘူးလို့ လွိုင်ကော် ဒေသခံ တစ်ယောက် အခုလိုပြောပါတယ်။
“ကျောင်းတွေတော့ ပိတ်ကုန်ပြီ။ ရုံးကတော့ မပိတ်လို့ မရဘူး။ ဘယ်သူမှမသွားတော့ဘူး။ ဘယ်သူမှ မလုပ်ရဲတော့ ဘူး။”
လက်ရှိမှာတော့ ကရင်နီပြည်ရဲ့ မြို့တော်လွိုင်ကော်အပါအဝင် မြို့နယ် ၇ မြို့နယ်ဖြစ်တဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖာဆောင်း၊ မယ်စဲ့နဲ့ ရှားတောမြို့နယ်တွေမှာ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲတွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုအပြင်၊ လမ်းသွားပြည်သူကို ပစ်ခတ်မှု ကြောင့် အရပ်သားပြည်သူ အယောက် ၆၀ ကျော် သေဆုံးမှု ရှိနေတယ်လို့ မြေပြင်က ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသူတွေက ပြောပါတယ်။
လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေလည်း ကျန်ရှိနေသေးတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ကူညီကယ် ဆယ်ရေး လုပ်ဆောင်နေသူတွေက ဆက်လက်ကယ်ထုတ်ပေးနေပါတယ်။
တိုက်ပွဲတွေရဲ့ တဖက်မှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဦး ဆောင်နိုင်ဖို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ကို ဖွဲ့စည်းပြီး ကြားကာလ ကရင်နီပြည် အမျိုးသား ညီ ညွတ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းထားသလို ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေကို အကောင် အထည်ဖော် ဆောင်ရွက်နေကြပါတယ်။
တရားစီရင်ရေးအခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ ချမှတ်နိုင်မယ့် တရားရေးရုံးကို ကရင်နီပြည်နယ်အတိုင် ပင်ခံကောင်စီ (KSCC) အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သလို ကျေးလက်ဒေသတွေမှာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဒေသန္တာရ ဥပဒေနဲ့ ကျင့်သုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုဆိုရင် တရားရုံတွေပါ ရှိလာပြီလို့ ကရင်နီပြည်နယ်ရဲ့ အမှတ် ၂ တရားရေးရုံးက တရားသူကြီး ဒေါ်အန်းဂျလာ က ပြောပါတယ်။
“လောလောဆယ် ဒီတရားရေးရုံးကို အမှတ် ၁ အမှတ်၂ အဲ့လို ပုံစံနဲ့ သွားတယ်။ အဲ့တော့ အမှတ် ၁၊ အမှတ် ၂ နဲ့ပဲ သွား သေးတယ်။ မြို့နယ်ကို ကိုယ်စားပြုတာတွေလည်း မဟုတ်ဘူးပေါ့။ ပြည်နယ်တရားရေး အမှတ် ၂ ဖြစ် သွားမယ်။ အမှတ် ၂ ကိုကျတော့ ဒီဟိုယာမှာ ထားတယ်။ ဒီဖရူဆိုအရှေ့ အနောက် အကုန်လုံးက ဒီ အမှတ် ၂ ကို လာလို့ရတယ်။ ဒီမှာလာလို့ရတယ်။ ကျမတို့ အကုန်လုံးကို လွမ်းခြုံတယ်။ ပြီးရင် အမှတ် ၁ က ဒီးမော့ဆိုမှာ ထားတယ်။ ဒီးမော့ဆိုမှာ ရှိတဲ့ အကုန်လုံးက အဲ့ဒီ အမှတ် ၁ တရားရေးရုံးကို သွားလို့ရတယ်။ အဲ့လိုမျိုးပေါ့။”
အခုဖွဲ့စည်းထားတဲ့ တရားစီရင်ရေးအဖွဲ့က ပြည်နယ်တစ်ခုလုံးအတွက် အတိုင်းအတာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တရားရုံးချုပ်လည်း ထားရှိတယ်လို့ ဒေါ်အန်ဂျလာက ဆက်ပြောပါတယ်။
“ပြီးရင် တရားရုံးချုပ်ဆိုတာရှိတယ်။ ခရိုင်လို့ ပြောရမှာပေါ့နော်။ နောက်တစ်ခုပေါ့ အပေါ်ရုံး အောက်ရုံး ပုံစံမျိုးပေါ့ ရှိတယ်။ သူ့အချုပ်ကတော့ ရှိတယ်။ အဲဒါကျတော့ တစ်နေရာရာမှာ သူတိူ့ ထားလိုက်တယ်။ ဘယ် သူမဆို အမှတ် ၁ ဖြစ်ဖြစ်၊ ၂ ဖြစ်ဖြစ် လာလို့ရတယ်။ သူ့ဟာက အဲ့လို လွမ်းခြုံသွားတယ်ပေါ့။ အဲ့လိုနဲ့ပဲ သွား သေးတယ်။ ဘာဖြစ်လို့ လဲဆို ဥပမာ ဖရူဆိုလို့ ပြောလိုက်ရင်လည်း နောက်ကျရင် ဖရူဆိုမြို့နယ်က ဘယ်လိုမျိုး ဘယ် နှစ်မြို့နယ်ရှိမယ် ဆိုတာ လည်း မသိသေးဘူး။ အနောက်ခြမ်း ပြောရအောင်လည်း ဒါက အကုန်လုံးကို လွမ်းခြုံစေချင်တဲ့ အတွက်ကြောင့် ရှုပ်ကုန်မှာစိုးလို့ အမှတ် ၁ နဲ့ အမှတ် ၂ အဲ့လိုပဲ သွားလိုက်တယ်။”
ကရင်နီပြည် တရားရေးအဖွဲ့က ဝန်ထမ်းတွေကို IEC က ခန့်အပ်ပေးပေမယ့် တရားစီရင်ရေးအပိုင်းကို စွက်ဖက် တာမျိုးတွေ ရှိဘူးလို့ ဆိုပါတယ်။
ကရင်နီပြည်တရားရေးအဖွဲ့ တရားရုံးက တရားသူကြီးအဖွဲ့ အနေနဲ့ ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP) က အရေးယူ ထားတဲ့ ပို့လာတဲ့အမှုတွေကို ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ အမှုစီရင်ပေးပြီးနောက် KSP ကို ပြန်လွှဲပေးတယ်လို့ ဒေါ်အန်ဂျလာက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်နီပြည် တရားရေးအဖွဲ့ကနေ တရားရုံးစတင်လည်ပတ်ပြီးနောက် အမှု ၂ မှုကို စီရင်ချက်ချပြီးပြီလို့ ဆက်ပြောပါတယ်။
“အမှုက တော့ စီရင်ချက်ချတာကတော့ နှစ်ခု ရှိသွားပြီပေါ့နော်။ စစ်ဆေးနေသေးတာကတော့ တစ်ခုရှိ ခိုးမှု က နှစ်ခုရယ်။ အိမ်တွင်းအကြမ်းဖက်မှုရယ် ကလေးအမှုရယ်ဆို ၄ မှု လောက်ရှိတယ်။ ခိုးမှုက များတယ်။ စီရင် ချက်ချတာက နှစ်မှုပြီးသွားပြီ။ စစ်ဆေးနေသေးတာက တစ်မှုရှိဦးမှာပေါ့နော်။”
ကရင်နီပြည်တရားရေးအဖွဲ့ တရားရုံးကို ဖွဲ့စည်းပြီး လုပ်ငန်းတွေ စတင်နေပြီဖြစ်ပေမယ့် ရုံးသုံးစာရွက်စာတမ်း၊ စားပွဲ၊ ခုံ၊ နေရာထိုင်ခင်း၊ လူအင်အား အပြင် နည်းပညာကအစ လိုအပ်ချက်တွေရှိနေတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးကာလအတွင်း တော်လှန်ရေးနယ်မြေထဲမှာ ဖွဲ့စည်းထားရတဲ့ တရားရေးအဖွဲ့ဖြစ်တာကြောင့် လို အပ်ချက် အခက်အခဲ အများကြီးရှိနေပေမယ့်လူထုတစ်ရပ်လုံး ဘဝလုံခြုံမှုရှိစေဖို့အတွက် ဥပဒေကြောင်းအရ တရားစီရင်ချမှတ် နိုင်ဖို့ တရားရေးလုပ်ငန်းတွေ ပေါ်ပေါက်လာဖို့ အားလုံးပူးပေါင်း လုပ်ဆောင်ခဲ့ရတာလို့ ပြောပါတယ်။
KSCC လက်အောက်ကနေ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်ရဲ (KSP) ကိုဖွဲ့စည်းပြီး တရားဥပေဒစိုးမိုးရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ KSP အုပ်ချုပ်ရေးနယ်မြေစိုးမိုးတဲ့ ဒေသတွေထဲ အမှုကိစ္စ ဖြစ်လာရင် ကျေးရွာလူကြီး၊ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်၊ KSCC ခေါင်းဆောင်၊ KSP ခေါင်းဆောင်၊ အုပ်ချုပ် ရေးတာဝန်ရှိသူ တွေပါဝင်တဲ့ တရားစီရင်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဆုံးဖြတ်ချက် ချမှတ်တာတွေကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေအပြင် ကရင်နီပြည်မှာ အုပ်ချုပ်ရေးပိုင်းကို အခိုင်အမာ တည်ဆောက်ထားပြီးလို့ ကရင်နီ ပြည် ကြားကာလ အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်လိုက်တဲ့ ၁၁.၁၁ စစ်ဆင်ရေးထဲ ဒီနေ့အချိန်ထိ မြေပြင်မှာ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားအားလုံး ရပ်တန့် သွားခဲ့ပါတယ်။
ဒီ ၁၁.၁၁ စစ်ဆင်ရေးမစတင်ခင်ကတည်းက ကရင်နီပြည်နယ် တပြည်နယ်လုံး အတိုင်းအတာအနေနဲ့ဆို နယ်မြေ ၆၅ ရာခိုင်နှုန်းလောက်ကို ကရင်နီတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့ရာနေ အခုတော့ တပြည်နယ်လုံး အတိုင်းအတာ နီးပါးကို ထိန်းချုပ်လာနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်လို့ ဆိုကြပါတယ်။
လက်ရှိ ကရင်နီပြည်နယ်ထဲ အုပ်ချုပ်ရေးပိုင်းကို အခိုင်အမာ တည်ဆောက်ထားနိုင်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ကရင်နီပြည် ကြားကာလအတိုင်ပင်ခံ ကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က အခုလို ပြောပါတယ်။
”KSCC ရဲ့ အောက်မှာ ကြားကာလလွတ်တော်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ နောက်ပြီးတော့ တရား ရုံးတွေပေါ့နော်၊ တရားရုံးတွေ မြို့နယ် တရားရုံးတွေ ဆိုပြီးတော့မှ ကျနော်တို့ တည်ဆောက်ထားပြီး ဖြစ်တယ်။ ကြားကာလ အုပ် ချုပ်ရေး ကောင်စီမှာလည်း ဌာနဆိုင်ရာ ၆ ခုကို ကျနော်တို့ ဖွဲ့စည်းထားပြီးပြီ ဖြစ် တယ်လေ။ ပညာရေးဌာန၊ ကျန်းမာ ရေးဌာန၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင် ရေးဌာန၊ အမျိုး သမီးနဲ့ ကလေးငယ်ဌာန၊ စီမံခန့်ခွဲ ရေးနဲ့ ဘဏ္ဍာရေးနဲ့အခွန်ဌာန၊ ပြည်ထဲရေးဌာနဆိုပြီးမှ အဲ့လိုဌာန ၆ ခုကို ကျနော်တို့ ဖွဲ့စည်းထားပြီးပြီ ဖွဲ့စည်းထား ပြီး ဖြစ်တဲ့အတွက် ဒါကို အကောင်အထည် ဖော်နေတာပဲ ဖြစ်တယ်။ စစ်ကောင်စီ ပြုတ်ကျပြီးသွားလည်း ကျနော်တို့ရဲ့ IEC အုပ်ချုပ်ရေးက ဆက်လက်ပြီးမှ အကောင်ထည်ဖော် သွားရုံပဲ ရှိတယ်ပေါ့။”
ကရင်နီပြည်နယ်ထဲ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို ဖွဲ့စည်းပြီး နိုင်ငံရေးစနစ်သစ်ကို အသွင်ကူးပြောင်း သွားနိုင်အောင် ကြိုးစားသွားမယ်လို့ အခုနှစ် ဇွန်လကတည်းက KSCC က ထုတ်ပြန်ပြော ဆို ထားပါတယ်။ စစ်ကောင်စီသာ တပြည်နယ်လုံးမှာ ပြုတ်ကျသွားတာနဲ့ IEC ရဲ့ အုပ်ချုပ်ရေးကို ဆက် အကောင် အထည် ဖော်သွားရုံပဲလို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
တော်လှန်ရေးလုပ်ဆောင်မှုနဲ့အတူ အုပ်ချုပ်ရေးပိုင်းကိုလည်း မဖြစ်မနေ ဆောင်ရွက်ဖို လိုအပ်တာကြောင့် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ကို ဖွဲ့စည်းဖြစ်ခဲ့တာဖြစ်တယ်လို့ သည်ဟု ကရင်နီပြည် IEC ရဲ့ အထွေ ထွေ အတွင်းရေးမှူး ခူးပလုရယ်က ဆက်ပြောပါတယ်။
”အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးကိစ္စကို လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ လမ်းကြောင်းကိုလည်း တတ်နိုင်သ လောက် ပူးပေါင်းဆောင်ရွက်ကြသလို တစ်ဖက်မှာလည်း အုပ်ချုပ်ရေး၊ နိုင်ငံရေး စီးပွားရေး ဆိုင်ရာ တည် ဆောက်မှုတွေ တစ်ပြိုင်နက်တည်း ဒီလမ်းကြောင်းကိုလည်း ဖော်ဆောင်ဖို့လိုတယ် ဆိုတာကိုတော့ အားလုံးက နားလည် သဘောပေါက် လက်ခံထားကြတယ်။ ဒါကြောင့် ကရင်နီအတိုင်ပင်ခံ ကောင်စီဖွဲ့ဖို့ အနေအထား ဖြစ်လာတယ်။ ကရင်နီပြည် ကြားကာလ အစီအမံကိုလည်း ရေးဆွဲဖို့ ဖြစ်လာတဲ့ အနေအထားမျိုးလည်း ဖြစ်လာတယ်ပေါ့။”
IEC ရဲ့ လုပ်ငန်းဆောင်ရွက်မှု တစ်ရပ်အနေနဲ့ ကရင်နီပြည်နယ်ရဲ့ ကြားကာလ အစီအမံ ပြဌာန်းချက်အရ နိုဝင် ဘာလ ၂၉ ရက်နေ့မှာ တရားရေးဌာန ဌာနမှူးကြီးနဲ့ ဒုတိယ ဌာနမှူးတွေကို ထပ်မံ ဖွဲ့စည်းခန့်အပ်ခဲ့ပါတယ်။
သူတို့အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်မှုမှာ အဓိက တာဝန်ရှိသူတွေဖြစ်တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ၅ ယောက်အပါအဝင် မိသားစုဝင်တွေ၊ စစ်ကောင် စီနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်တဲ့ တပ်မိသားစုဝင် ၃ ယောက်ကို ကရင်နီပြည်ရဲဌာနနဲ့ ပူးပေါင်းပြီး ဥပဒေ နဲ့အညီ တရားစွဲဆို အရေးယူသွားမယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။
ကရင်နီအတိုင်ပင်ခံကောင်စီ KSCC ရဲ့ နိုင်ငံရေး ဦးဆောင်မှု မူဝါဒလမ်းညွန်ချက်အတိုင်း ကရင်နီပြည် ကြား ကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို ၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဖွဲ့စည်းရာမှာ အခက်အခဲများစွာကြုံရသလို အဓိကအား ဖြင့် ဘဏ္ဍာငွေကြေး လိုအပ်ခြင်း၊ အုပ်ချုပ်ရေး အပိုင်းအတွက် သင့်တော်တဲ့ လူသားအရင်းအ မြစ် ရှားပါခြင်း၊ အချိန်တိုတိုမှာ ယန္တရားတခုလုံးကို လည်ပတ် နိုင်အောင် လုပ်ဆောင်ရခြင်း၊ ပြည်သူတွေကလည်း တိုက်ပွဲတွေထဲ ထွက်ပြေးနေရတာကြောင့် နေရာ အတည် တကျမရှိခြင်း စတဲ့ အခက်အခဲတွေရှိနေတယ်လို့ ခူးပလုရယ်က ဆိုပါတယ်။
လက်ရှိ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့ ကန္ဒရဝတီနယ်၊ ကြယ်ဖိုးကြီးနယ်၊ ဘောလ ခဲနယ်၊ မိုးဗြဲနယ်ဆိုပြီး နယ် ၄ နယ်ရှိပါတယ်။ အဲ့ဒီနယ် ၄ နယ်ထဲက မြို့နယ် ၁၉ မြို့နယ်မှာတော့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေရဲ့ အုပ်ချုပ်ရေး နယ်မြေပိုင်းခြားမှုပေါ် အခြေခံပြီး အုပ်ချုပ်ရေး ယန္တရားတွေကို စတင် အကောင်အထည် ဖော်နေပြီလို့ IEC က ဆိုပါတယ်။