ပျူစောထီးစခန်းကို PDF ပူးပေါင်း စစ်ကြောင်း သွားရောက်တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
မြိတ်ခရိုင်အတွင်းရှိ ပျူစောထီးစခန်းတစ်ခုကို သွားရောက် တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်
ရေးပူးပေါင်းစစ်ကြောင်း (၂) တာဝန်ရှိသူက ပြောသည်။
ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ပျူစောထီးကင်းစခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၆ နာရီ ၄၃ မိနစ်ခန့်က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
PDF ပူးပေါင်းစစ်ကြောင်း (၂) တာဝန်ရှိသူက “ကျွန်းစုမြို့နယ်ထဲမှာ ကျေးရွာတချို့ကို စစ်မှုမထမ်းမနေရ ဆိုပြီး မဲစနစ်နဲ့ ပျူစောထီးအဖွဲ့ဝင်ဖို့ အဓမ္မဖိအားပေး ပြုလုပ်နေတာတွေကို ရပ်တန့်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာပါ” ဟု ပြောသည်။
ပြည်သူများ စိုးရိမ်ထိတ်လန့်အောင် စစ်ကောင်စီအလိုကျ လိုက်ပါဆောင်ရွက်နေသည့် ပျူစောထီးအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကိုလည်း ဆက်လက်၍ ပြင်းထန်စွာ တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ် ကြောင်း ၎င်းက ပြောသည်။
ပျူစောထီး ကင်းစခန်းအား ပြည်သူ့ကာကွယ်ရေး တပ်များမှ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး၊ သေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာများရရှိသွားသည်။
ထို့အပြင် ပျူစောထီးတစ်ဦးကိုလည်း လက်ရ အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေသဖြင့် မင်းဂုတ်၊ ရတောင်၊ နှင့် မောင်းလွန်ကျေးရွာတို့မှ ရွာသားများ စိုးရိမ်ကြောက်လန့်ပြီး ကုန်းလမ်း ရေလမ်း အသီးသီးဖြင့် ဘေးလွတ်နိုင် မည့် ဘုန်းကြီးကျောင်းများ၊ နီးစပ်ရာတောတောင်များနှင့် မြိတ်မြို့ဘက်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း ရွာသားများက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ ရွာသား ၃ ဦးကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။ ထို့နောက် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများကလည်း မင်းဂုတ်ကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်
စီတပ်နှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသေးသည်။
တိုက်ပွဲဖြစ်ပွားရာ ကျေးရွာသည် ကျွန်းစုမြို့နယ်အတွင်း၌ ပြည်သူ့စစ် အင်အား ကောင်းသည့် ကျေးရွာစာရင်း တွင် ပါဝင်သည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် –
People’s Defense Forces – Myeik District တပ်ရင်း-၂ (တပ်ခွဲ-၂)၊ တနင်္သာရီတိုင်း စစ်ဆင်ရေးဌာန ဒရုန်းလက် ရုန်းတပ်ဖွဲ့ (Dragon Squad – TNI)၊ တနင်္သာရီမြို့နယ်(ပ.က.ဖ)၊ ကျွန်းစုမြို့နယ်(ပ.က.ဖ)၊ ပုလောမြို့နယ်
(ပ.က.ဖ) တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံးတွင် စစ်ရေးလှုပ်ရှားမှုများ အရှိန်ဟုန်တိုးမြှင့်ဆောင်ရွက်နေချိန် မြိတ်ခရိုင် ပြည်သူ့ကာကွယ်
ရေး ပူးပေါင်းစစ်ကြောင်း (၂) မှလည်း အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒ လမ်း ညွှန်ချက်များနှင့်အညီ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။