ဧရာဝတီတိုင်းတွင် ဆန်ဈေး ရုတ်တရက် ထိုးတက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်။

မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သော ဧရာဝတီတိုင်း အတွင်း၌ ဆန်စပါးဈေးနှုန်းမှာ ရုတ်တရက် တဟုန်ထိုး မြင့် တက်လာသည်ဟု ဒေသခံ ဆန်စပါး ရောင်းဝယ်သူများက ပြောသည်။

မနောသုခ၊ မိုး‌ရေဆင်း၊ ရက် ၉၀၊ ကရင်မ၊ ပခန်း စသည့် ဆန်ကြမ်းစပါး အုပ်စုမှာ တင်းတရာကို ကျပ် ၁၉ သိန်း အထိမြင့်တက်ပြီး ပေါ်ဆန်း၊ တောင်ပျံ စ‌သော ဆန်ချောစပါး အုပ်စုမှာ တင်းတရာကို ကျပ် ၂၈ သိန်း အထိ ဒီဇင်ဘာ ၉ရက်နေ့ စတင်ပြီး မြင့်တက်လာခြင်း ဖြစ်သည်။

မြောင်းမြမြို့ မှ ဆန်စပါးရောင်းဝယ်သူတစ်ဦး က “စပါးဈေး က ရုတ်တရက်ကြီး တင်းတရာကို ကျပ်၃ သိန်း‌ ကျော်လောက် ခုန်တက်သွားတယ် အရင်က ဆန်ဈေး စပါးဈေးတက်ရင် တဖြည်းဖြည်းနဲ့ အနည်းငယ်စီ တက် တာပါ။ အခုလို အရမ်းကြီး ဒုန်းကနဲ ဒိုင်းကနဲ တက်တာမျိုး မရှိဘူး” ဟု ပြောသည်။

စပါး‌ ဈေးမြင့်တက် လာခြင်းကြောင့် ဆန်ကြမ်း ဆန်ချောဈေးများလည်း မြင့်တက်လာပြီး ဆန်ချောဖြစ်သော ဧရာဝတီပေါ်ဆန်း‌မွှေး ၂၄ ပြည်ဝင် တအိတ်ကို ကျပ် ၁၄၄,၀၀၀ ဖြစ်ပြီး ဆန်ကြမ်း အုပ်စုဝင်ဖြစ်သည့် မနောသုခ ၂၄ ပြည်ဝင်တအိတ် ကို ကျပ် ၈၄,၀၀၀ အထိ ဖြစ်လာခဲ့သည်။

မနောသုခ မိုး‌ရေဆင်းရက် ၉၀၊ ကရင်မ၊ ပခန်း စသော ဆန်ကြမ်း အုပ်စုများမှာ ဒီဇင်ဘာ ပထမပတ် အတွင်းက ၂၄ ပြည်ဝင် ဆန်တအိတ် ဈေးထက် ကျပ် ၆,၅၀၀ ကျော် ဈေးမြင့်တက်လာပြီး ဧရာဝတီ ပေါ်ဆန်းမွှေး၊ ဥတို‌ပေါ် ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ရွေဘို‌ပေါ်ဆန်း စသည့် ဆန်အချော အုပ်စုများမှာ ၂၄ ပြည်ဝင်တအိတ် ကို ကျပ် ၁၀,၀၀၀ နီးပါး ဈေးမြင့်တက်လျှက်ရှိသည်။

ဆန်ဈေး စပါးဈေး ရုတ်တရက် မြင့်တက်လာခြင်း နှင့် ပတ်သက်ပြီး ဒေသတွင်း စက်သုံးဆီပြတ်လပ်မှု ဖြစ်ရာက ပြင်ပမှောင်ခို ဈေးကွက် မှာ စစ်ကောင်စီ သတ်မှတ် ဈေးနှုန်းထက် ခေါက်ချိုး ဈေးပေါက်သွားခြင်းကြောင့် ဖြစ် သည်ဟု ဧရာဝတီတိုင်း ဆန်စပါး ကုန်သည်များ အသင်းဝင် တစ်ဦးက မှတ်ချက်ပြုပြောသည်။

ကန်ကြီးထောင့် မြို့နယ်ရှိ တောင်သူ ဦးသိန်းအောင် က “ဆန်စပါး လုပ်ငန်းမှာ စက်ကရိယာတွေ သုံးရတယ်။ ဆောင်းသီးနှံ နွေစပါး စိုက်ဖို့ ပို့ဆောင် ထွန်းယက် ရေတင် ရိတ်သိမ်း ချွေလှေ့တာတွေ အတွက် စက်သုံးဆီ ဈေးမြင့်တက်လာတော့ မိုးစပါး ထွက်ကုန် ဈေးတက်ရ‌တာ” ဟု ပြောသည်။

တောင်သူများမှာ မိုးစပါး ထွက်ရှိ၍ ရလာသော ရောင်းရငွေကို ဆောင်းသီးနှံနှင့် နွေစပါး စိုက်ပျိုးရာတွင် ထပ်မံ ရင်း နှီးမြုပ်နှံကြရာ သွင်းအားစု ဈေးနှုန်းများ အဆက်မပြတ် မြင့်တက်နေသဖြင့် ဆောင်းသီးနှံနှင့် နွေစပါး ဆက် လုပ်ရန် အဆက်အခဲရှိနေသည် ဟု တာင်သူများက ဆိုသည်။
ဆန်ဈေးနှုန်း နှင့် အထွေထွေ ဝန်ဆောင်မှု စရိတ်များအပြင် အခြား စားသုံးကုန် ဈေးနှုန်းများကလည်း မြင့်တက် နေုခြင်းကြောင့် တောင်သူများနှင့် တနေ့လုပ်တနေ့စား ကျပန်းလုပ်ကိုင် နေရသူများလည်း တနေ့တာဝင်ငွေ နှင့် ထွက်ငွေ လောက်ငှမှုမရှိဘဲ မိသားစု စားဝတ်နေရေး အခက်အခဲတွေ နှင့် ရင်ဆိုင်နေကြရသည်။

ဧရာဝတီတိုင်း တောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးမောင်မောင်ကြီး‌က “ဧရာဝတီတိုင်းက မြန်မာပြည်ရဲ့ စပါးကျီပါ။ ဒါပေမယ့် အခုတော့ စပါးကျီထဲနေတဲ့ တောင်သူ စာရင်းငှားတွေနဲ့ မြို့ပြက တနေ့ လုပ်တနေ့စား ပြည်သူတွေ တပြည် ၂၅၀၀ ကျပ်တန် ဆန်ကြမ်းစကွဲ ကို ချက်စားနေကြရတယ်” ပြောသည်။

ဧရာဝတီတိုင်းအတွင်းမှ ထွက်ရှိသော ဆန်စပါးများကို ပုသိမ်၊ မြောင်းမြ၊ ဖျာပုံနှင့် ရန်ကုန် ဈေးကွက်များမှ တဆင့် မြန်မာတနိုင်ငံလုံးနှင့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို ရေလမ်း၊ ကုန်းလမ်းတို့မှ တင်ပို့ ရောင်းချကြ ခြင်း ဖြစ်သည်။