ရပ်ကျေး အုပ်ချုပ်ရေးမှူးများ စစ်သင်တန်းတက်ရန် ဖိအားပေးခံရ၊ အစုအပြုံလိုက် နှုတ်ထွက်ခွင့်တင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။

ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို စစ်သစ်တန်းတက်ရန် စစ်ကောင်စီက ဖိအားပေး စေခိုင်းခံရသဖြင့် နှုတ်ထွက်စာတင်ထားသော်လည်း ထွက်ခွင့်မပြုဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် မိသားစုဝင် အချို့က ပြောသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၅ ဦးတို့သည် စစ်သင်တန်း မတက် လိုသောကြောင့် မြို့နယ်စစ်ကောင်စီထံ ဒီဇင်ဘာလ ပထမပတ်အတွင်းက နှုတ်ထွက်စာများ တင်ခဲ့ကြသည်ဟု မြို့နယ် စစ်ကောင်စီ အုပ်ချုပ်‌ရေးအဖွဲ့နှင့် နီးစပ်သူအချို့ကပြောသည်။

မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ထွက်ခွင့်ကိုတော့ အကြောင်အမျိုးမျိုးပြပြီး တင်ကြတာပေါ့။ အများစုကတော့ ကျန်းမာရေးကို အကြောင်းပြ ကြတာပေါ့။ ထွက်ခွင့်ကို မြို့နယ်က ခွင့်ပြုလို့မှမရတာ။ အထက်ကို ဆက်တင်ပြထားတာရပေါ့။ ထွက်ခွင့်ကို အခုလို အစုလိုက်အပြုံလိုက်ကြီး မပြောနဲ့ တစ်ဦးစ နှစ်ဦး စကိုတောင် လွယ်လွယ် ခွင့်မပြုတာ။ ပုန်ကန်တာလား ဆိုပြီး အရေးယူတာတောင် ခံရနိုင်သေးတယ်” ဟု ပြောသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်လိုသဖြင့် အချို့မှာ လာဘ်ငွေများ သိန်းဆယ်ချီ‌ ပေး၍ လုပ်ကိုင်ခဲ့သူများပင် ရှိခဲ့ပြီး အချို့မှာ စစ်တပ်နှင့် ရင်းနှီးကျွမ်းဝင်သည့် သတင်းပေးများကို အုပ်ချုပ်ရေးမှူးများ ခန့်ထားခြင်း ဖြစ်သည်ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် နီးစပ်သူအချို့ကပြောသည်။

အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူတစ်ဦးက “တချို့အုပ်ချုပ်ရေးမှူးတွေကတော့ ထွက်ခွင့်ရဖို့က မသေချာတော့ ကြိုပြီး ရှောင်သွားကြတဲ့ သူတွေလည်းရှိ တယ်” ဟု ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး မိသားစုများနှင့် နီးစပ်သူတစ်ဦးက ခလရ (၁၈) တွင် စစ်သင်တန်းတက်ရမည် ဖြစ်ပြီး လိုအပ်လာပါက ရှေ့တန်းသို့လိုက်ပါရမည်ဟု မြို့နယ်စစ်ကောင်စီမှ ညွှန်းထားသည်ဟု ပြောသည်။

“ထွက်ခွင့် ရ မရတော့ မသိဘူး။ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ အခုလို အစုလိုက်အပြုံလိုက် ထွက်ခွင့်တင်တာ ကို တိုင်းစစ်ကောင်စီက လျှို့ဝှက်စစ်ဆေးဖို့ ညွှန်ကြားထားတယ်” ဟု မြိုနယ်အုပ်ချုပ်ရေး အဖွဲ့နှင့်နီးစပ်သူက ဆက်ပြောသည်။

ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် ထွက်ခွင့်တင်ကြသည့်အပေါ် လျှို့ဝှက်စစ်ဆေးရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု ဆိုသည်။

အစုလိုက်အပြုံလိုက် ထွက်ခွင့်တင်လိုက်သည့်နောက်ပိုင်း ဒီဇင်ဘာလ ပထမပတ်ထဲတွင် စစ်သင်တန်းတက်ရန် ညွှန်ကြားချက်မှာ လတ်တလောတွင် ငြိမ်သွားခဲ့သည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက “ထွက်ခွင့်သာတင်ထားတယ် အခုထိဘာသံမှမကြားရဘူး။ စစ်သင်တန်းကို လည်း ဒီဇင်ဘာ ၆ ရက်နေ့က တက်ရမယ်လို့ ကြားထားပေမဲ့ ထွက်ခွင့်တွေ တင်လိုက်လို့လား မသိဘူး အခု တော့ ငြိမ်သွားပြန်ပြီ” ဟု ပြောသည်။

ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီ လက်အောက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အဖြစ် လုပ်ကိုင် နေကြသူ များသည် စစ်တပ်ကိုထောက်ခံသူများ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ၊ စစ်တပ်နှင့် ရဲသတင်းပေးများ ဖြစ်ကြပြီး ဒေသခံပြည်သူများကို ဖိနှိပ်ခြိမ်းခြောက်၍ ကိုယ်ကျိုးစီးပွားရှာနေကြသူများသာ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

(ဓာတ်ပုံ – ဧရာဟင်္သာ/Facebook)