မြစ်ကြီးနားနှင့် ဝိုင်းမော်ရှိ ပြည်သူ့စစ်စခန်း ၂ခုကို KIA က တိုက်ခိုက်သိမ်းပိုက်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းအချို့ကို ကချင် လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့အချိန်ထိ အဆိုပါ နေရာအနီး တဝိုက် တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး လူထုလည်း ထွက်ပြေးနေရသည်။

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့များ၏ စခန်းနှစ်ခုကို သိမ်းယူနိုင်ခဲ့ သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တိုက်ပွဲကတော့ ပြည်သူ့စစ်စခန်းတွေကို KIA ဘက်ကနေ ဝင်သိမ်းတဲ့ တိုက်ပွဲကတော့ ရှိပါတယ်။ တာလောကြီး နဲ့ ရွှေညောင်ပင်ပေါ့နော် ၃၂၁ တပ်ရင်း စစ်တပ်ကြားက အဲ့ဒီ ရွှေမင်းပြည်သူ့စစ်တို့ ထိုင်ထားတဲ့ စခန်းအသစ်လို့ ပြောရမှာပေါ့ အဲ့ဒီဘော်ဆာဘီးဆိုတဲ့နေရာမှာလည်း ဒီတိုက်ပွဲတော့ ရှိတယ်။ အဲ့ဘက်မှာက KIA ဘက်ကနေ ဝင်စီးတဲ့ တိုက်ပွဲရှိပါတယ်။ ဒီသူတို့ပြောတာတော့ အဲ့ဒီတာလောကြီးစခန်းနဲ့ ဘော်ဆာဘီးစခန်း သိမ်းတဲ့သတင်း တော့ ပြောလာတာရှိပါတယ်။”

မြစ်ကြီးနားမြို့တောင်ဘက် တာလောကြီးကျေးရွာအနီးရှိ တပ်စခန်းတခု အပါအဝင် ဝိုင်းမော်မြို့နယ် ရွှေညောင် ပင်ကျေးရွာ အကြားရှိ တပ်စခန်းတစ်ခုကို KIA တပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။

KIA က သိမ်းပိုက်ခဲ့သည့် ပြည်သူ့စစ်စခန်း ၂ ခုမှာ ဦးရွှေမင်းအဖွဲ့၏ တပ်စခန်းများ ဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

စခန်းသိမ်းတိုက်ပွဲ၏ တဖက်မှာတွင် စစ်ကောင်စီတပ်က KIO ဌာနချုပ် လိုင်ဇာနှင့် အနီးအနားက ကျေးရွာများ အပြင် ပညာရေးမြို့တော် မိုင်ဂျာယန်မြို့ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

မိုင်ဂျာယန် ကောလိပ်အနီးနှင့် လူနေရပ်ကွက်များထဲ စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့၍ ကျောင်းသူ နှစ်ဦးနှင့် ဒေသခံအမျိုးသား တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အရပ်သားနေရာများကို စစ်ကောင်စီက ပစ်မှတ်ထား ပစ်ခတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

“ကျနော်ကတော့ ဘာမှ ပြောစရာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က အမြဲတမ်း လူနေအိမ်တွေကိုပဲ ပစ်နေ တာ။ အမြဲတမ်း ပြည်သူလူထုရှိတဲ့ဘက်ကိုပဲ ပစ်မှတ်ထားပြီးတော့ ပစ်နေကြတာဆိုတော့ သူတို့ရဲ့ လုပ်ထုံး လုပ် နည်းပုံစံဖြစ်နေတာ။ ဒါပေမယ့် အဲ့ဒါက တကယ်ဆိုလို့ရှိရင်တော့ လုံးဝမဖြစ်သင့်တဲ့ဟာလေ။ ပြည်သူလူထုကို ပစ်မှတ်ထားပြီးမှ အခုလိုမျိုးလုပ်တာကတော့ စစ်ရာဇဝတ်မှုတွေမြောက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။”

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးဝန်းကျင်အပြင် လိုင်ဇာနှင့် မိုင်ဂျာယန်မြို့က ပြည်သူများ လုံခြုံရေး အတွက် စိုးရိမ်နေကြသည်။ ထို့အပြင် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး တိုက်ပွဲများ ပြင်းထန်နေသည် ဟုလည်း မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

ပြည်သူ့စစ်စခန်း ၂ခုကို သိမ်းယူနိုင်ခဲ့သည့် KIA အနေဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တုန်းကလည်း မဟာမိတ် တပ်ပေါင်းစုများ ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကချင် ပြည်သူ့ကာကွယ်ရေးတပ် (KPDF)၊ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များ ပူးပေါင်းပြီး ကချင်နှင့် စစ်ကိုင်းအစပ်ရှိ ကသာခရိုင်ထဲက မော်လူးမြို့ကိုပါ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြသည်။