စစ်ပွဲများ ပိုများလာသည့် အခြေအနေကို ပြည်သူများနားလည်ပေးရန် KNU ဥက္ကဋ္ဌ ပန်ကြား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။
လက်ရှိ ဆင်နွဲနေသည့် တော်လှန်ရေးမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေး၊ အနာဂတ် အကျိုးစီးပွားနှင့် အာမခံချက်ဖြစ်သည့်အတွက် စစ်ပွဲများ များလာပါက နားလည်ကြရန် လိုအပ်သည်ဟု ကရင် အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်သည်။
ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက စနေနေ့က ကရင်ဘာသာနှင့် ပြည်သူလူထု ကို ပြောကြားခဲ့သည့် သတင်းစကားထဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသားတွေ အနေနဲ့က ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ ပြည့်ဝတဲ့ ခံယူချက်တွေ နဲ့ ဒီခေတ်ကာလမှာ စစ်အာဏာရှင်ရဲ့ သက်ဆိုးရှည်မှုကို အဆုံးသတ်ဖို့ဖြစ်ပါတယ်။ ကျနော်တို့ခေတ်မှာ အဆုံးမ သတ်နိုင်ရင် ကျနော်တို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ အနာဂတ် ဘဝရပ်တည်ရေးအတွက် အာမခံချက် မရှိနိုင်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် စစ်ပွဲတွေ များလာရင်တောင် ကျနော်တို့ နားလည်ရမှာက တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ အနာဂတ် အကျိုးစီးပွားနဲ့ အနာဂတ် အာမခံချက် ရနိုင်အောင် ဖြစ်ပါတယ်။”
စစ်ကောင်စီတပ်က တော်လှန်ရေးကို ဖြိုခွင်းရန်အတွက် လက်နက်ကြီးများ၊ လေယာဉ်များကို အသုံးပြုပြီး တိုက် ခိုက်နေသည့်အပြင် ပြည်သူလူထုအား ကြောက်လန့်အောင် အင်အားအလွန်အကျွံ သုံးပြီး တိုက်ခိုက် နေသည်ဟု ဆိုသည်။
ထိုသို့ လုပ်ဆောင်နေခြင်းမှာ ၎င်းတို့စစ်တပ်အား တော်လှန်ရေး အင်အားစုများက တိုက်ခိုက် ဖျက်ဆီး ၍ မရဘူး ဆိုသည့် သဘောမျိုး ထင်မြင်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
စစ်ရေးအရ တိုက်ခိုက်မှုများ ပြင်းထန်နေသော်လည်း ကရင်တမျိုးသားလုံးနှင့် ကရင်အမျိုးသား အစည်းအရုံး KNU ၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည့် လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြ ဌာန်းခွင့် အပြည့်အဝရှိသည့် ကရင်ပြည် (သို့မဟုတ်) ကော်သူးလေ ထူထောင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးတို့ကို အကောင်အထည် ဖော်ဆောင်နိုင်ရေး လုပ်ဆောင်သွားမည်ဟု KNU ဥက္ကဋ္ဌ က ပြောသည်။
“ဒီလုပ်ငန်းနှစ်ရပ် ပြည့်ဝအောင်မြင်ဖို့အတွက် ဆိုရင် ကျနော်တို့ ရင်ဆိုင်ရမှာက မဟာလူမျိုးကြီးဝါဒနဲ့ အာဏာ ရှင်စနစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကရင်အမျိုး သား အစည်းအရုံးအနေနဲ့ ဖြိုဖျက်ပစ်ရမှာက ရင်ဆိုင်ဖြေရှင်း ရမှာက ဆန့်ကျင်ရမှာက ဒီနိုင်ငံမှာ ရှိနေတဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ဖြစ်ပြီး ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်နိုင်ဖို့ ခိုင်ခိုင်မာမာ ရပ်တည်သွားရမှာ ဖြစ်ပါတယ်။ ဒီဝါဒနဲ့ စနစ်နှစ်ခုကို ဖျက်သိမ်းပစ်လို့ မရရင် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်လို့ ရနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီလိုပဲ လွတ်လပ်ပြီး တန်းတူ ညီမျှ မှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ကရင်ပြည်ကိုလည်း ထူထောင်လို့ ရမှာမဟုတ်ဘူး။”
ထို့ကြောင့် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ ကော်သူးလေပြည်နှင့် ပြည်သူများ လိုလားတောင်းတနေကြသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်သောကြောင့် ရည်မှန်းချက်တူပြီး ဖြတ်သန်းမှု တူညီသည့် တိုင်းရင်းသား လူမျိုးများအပြင် အခြားအဖွဲ့အစည်းများလည်း ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်သည်ဟု ဆိုသည်။
လက်ရှိ ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ပြည်နယ်အားလုံးနီးပါးတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသက ပြည်သူများမှာ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံနေရ သည့်အပြင် နေရပ်ကို စွန့်ခွာပြီး စစ်ဘေးလွတ်ရာ ဒေသများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။