လူထုကို လျစ်လျူရှု၍ မရကြောင်း တော်လှန်ရေး အဖွဲ့များအား NUG ယာယီ သမ္မတ သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။
တော်လှန်ရေး တပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက် လုပ်ဆောင်လာနိုင်သည့် နောက် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအပေါ် ပိုမို ဦးတည် တိုက်ခိုက်လာနေသည့်အတွက် ခုခံတော် လှန်စစ်၏ ရည်မှန်းချက်ကို မမေ့ကြရန် တော်လှန်ရေး အဖွဲ့အစည်းများအား NUG ယာယီ သမ္မတက သတိပေး ပြောဆို လိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ၃၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေး အဖွင့်မိန့်ခွန်းတွင် ယာယီ သမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ခုခံတော်လှန်စစ်၏ ရည်မှန်းချက်နှင့် ပတ်သက်၍ NUG ယာယီ သမ္မတ ဒူဝါလရှီးလက “စစ်ပွဲရဲ့ဘောင်ဟာ ကျယ်ပြန့်သထက် ကျယ်ပြန့်လာသလို နက်ရှိုင်းသထက် နက်ရှိုင်းလာတာကိုလည်း တွေ့ရပါတယ်။ ခုခံ တော် လှန်စစ်ရဲ့ အဓိက ရည်မှန်းချက်ဟာ ကျနော်တို့ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ဖို့ ဖြစ်တယ်ဆိုတာ လုံး ဝမေ့ထားလို့ မရပါဘူး။ ဒါ့ကြောင့် ခုခံတော်လှန်စစ် အောင်ပွဲကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနိုင် အောင် လုပ်ရမှာဖြစ်သလို စစ်ကိုပဲ ဗဟိုပြုပြီး ပြည်သူလူထုကို လျစ်လျှူရှု့တာမျိုး လုပ်လို့ရဘူးဆိုတာ အဓိက ထား သိစေချင်တယ်” ဟု ပြောသည်။
အရပ်သား ပြည်သူလူထုကို အကာအကွယ်ပေးရေးမှာ ခုခံတော်လှန်စစ်၏ ရည်မှန်းချက် ဖြစ်သည်ဟု ဒူဝါလရှီးလ က ဆိုသည်။
“ဒီအသိနဲ့ ဒီသတိချပ်မှုဟာ ကျနော်တို့ အစိုးရအဖွဲ့ တစ်ခုတည်းက သိနားလည်လို့ မရပါဘူး။ ပြည် သူလူထုနဲ့ မြေပြင်မှာ တိုက်ရိုက်ထိတွေ့ဆက်ဆံနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ တွေက လေးလေးနက်နက် လိုက်နာသိရှိအောင် ကျနော်တို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ကြောင့် တိုက်ပွဲများ ဖော်ဆောင်ရာတွင် ပြည်သူလူထု ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရန် လည်း NUG ယာယီ သမ္မတ ယခုကဲ့သို့ ဆက်ပြောသည်။
“လက်နက်ချင်း ခုခံတော်လှန်ရတဲ့အခါ လူထုအထိနာမှု အနည်းဆုံး/ အနိမ့်ဆုံးဖြစ်ဖို့အတွက် ကျနော်တို့ အမြဲ တစေ ဂရုပြုရမယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ဟာ ခုခံတော်လှန်စစ်ကို ဆင်နွှဲနေသည့်တိုင် မိမိတို့ရဲ့ ကရု ဏာတရားကို မေ့ဖျောက်ထားလို့ မရဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ လက်နက် ကိုင်တော်လှန်ရေး လမ်းစဉ် ကို ဆွဲကိုင်ရခြင်းမှာလည်း တော်လှန်ရေးမူမဲ့စွာနဲ့ ချီတက်နေကြတာ မဟုတ်ပါဘူး။ တရားသောစစ်၏ ကျင့်ဝတ် များကို လိုက်နာပြီး လူထုကို ကာကွယ်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ အမျိုးသား ညီ ညွတ်ရေးအစိုးရ အနေနဲ့ မူမဲ့သော တော်လှန်ရေးလမ်းစဉ်မျိုးကို ဘယ်သောအခါမှ ကျင့်သုံးမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။”
ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့၏ ၁၀.၂၇ စစ်ဆင်ရေး၊ ကရင်နီပြည်နယ်ထဲ ကရင်နီ တော်လှန် ရေး အင်အားစုများက ၁၁.၁၁ စစ်ဆေင်ရေးတို့ကို စတင်လိုက်သည့် နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာ နှင့် တိုက်ပွဲများ ပိုပြီးကျယ်ပြန့်လာခဲ့သည်။
တိုက်ပွဲများ ပိုပြီး ကျယ်ပြန့်လာသည့် တဖက်တွင် စစ်ရေးပဋိပက္ခများကြားက အရပ်သားပြည်သူများ အပေါ် စစ် ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ ပိုပြီး ဦးတည်တိုက်ခိုက်နေပြီး ထိုသို့သော တိုက်ခိုက်မှုများကို အကာ အကွယ်ပေးနိုင်အောင် အစွမ်းကုန်ကြိုးစားရန် လိုအပ်သည်ဟk NUG ယာယီ သမ္မတက ပြောသည်။