အကျဉ်းသားများ အသက်အန္တရာယ်ရှိမည်ကို ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။

လွိုင်ကော်ထောင်ထဲက အကျဥ်းသားများ အသက်ဆုံးရှုံးသွားသည့် အခြေအနေမျိုးထိ မဖြစ်စေရေး အကျဥ်း ထောင်အရေးနှင့် ပတ်သက်၍ လုပ်ဆောင်ပေးနိုင်စွမ်းရှိသည့် ကူညီပေးနေကျ အဖွဲ့စည်းများ အနေဖြင့် အမြန်ဆုံး လုပ်သင့်ပြီဟု ကရင်နီ နိုင်ငံရေး အကျဥ်းသားများအစည်းအရုံး KPPA က တိုက်တွန်း ပြောဆိုလိုက်သည်။

လက်ရှိ လွိုင်ကော်မြို့တွင်း နှစ်ဖက်တိုက်ပွဲများကြောင့် လွိုင်ကော်အကျဥ်းထောင်ထဲ၌ အကျဥ်းသား ၅၀၀ ခန့် ပိတ်မိနေပြီး ၎င်းတို့အတွက် အရေးပေါ် အကူအညီများ လိုအပ်နေပြီဟု KPPA ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက ပြောသည်။

“ထောင်ပတ်ဝန်းကျင်မှာလည်း နှစ်ဖက် အင်အားစုတွေ ရောက်ရှိနေတဲ့အတွက် အရေးပေါ် အခြေအနေပေါ့နော် လူသားတိုင်း အသက်ရှင်နေထိုင်ခွင့်ဆိုတဲ့ အခွင့်အရေးအရ ထောင်သားတွေ အသက်ရှင်နေထိုင်ခွင့်ရဖို့ကို ဒီ UN အောက်မှာ ရှိတဲ့အဖွဲ့အစည်းတွေ အလုပ်လုပ်သင့်တယ်။ ပြီးရင် ဒီအကျဥ်းထောင် ကိစ္စရပ်တွေမှာ အမြဲတမ်း ပါ ဝင် လှုပ်ရှာပေးတဲ့ ICRC အဖွဲ့တွေလည်း အခုချိန်မှာ ဒီအကျဥ်းသားရေးရာ ကိစ္စတွေကို အာရုံစိုက်သင့်တယ်လို့ ကျနော့်အနေနဲ့ အကြံဉာဏ်ပေးချင်ပါတယ်။”

လက်ရှိ လွိုင်ကော်အကျဥ်းထောင်ပရဝုဏ် အတွင်း အကျဉ်းထောင်စောင့် ရဲများသာမက စစ်ကောင်စီ တပ်သား များပါ ရှိနေနိုင်ပြီး အကျဥ်းသားများအား ခြိမ်းခြောက် ဖိနှိပ်မှုများ ရှိနေနိုင်သည်ဟု ပြောသည်။

ထို့အပြင် ယခင်နှစ် ဇန်နဝါရီလတုန်းကလည်း လွိုင်ကော်အကျဥ်းထောင်၌ အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွါးခဲ့ပြီး ယခု တစ်ခေါက်အခြေအနေက ယခင်က အခြေအနေထက် ပိုဆိုးရွားနေသည်ဟု ကိုထားဖိုးက ဆက်ပြောသည်။

“၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာဆိုရင် စ စချင်း အခန်းထဲမှာ ပိတ်လှောင်ထားလိုက်တယ်။ ရေ ရရှိမှုကလည်း အရမ်း ကို နည်းတယ်။ ပြီးရင် စားရသောက်ရတာလည်း အရမ်းကို အခက်အခဲ ဖြစ်တယ်။ သာမာန် အချိန်တွေမှာဆို မစားကြတဲ့ အရွက်ရင့်တွေကို စားကြရတယ်။ ကျန်းမာရေး ဝန်ဆောင်မှုအပိုင်းမှာ ဆိုရင်လည်း ပုံမှန်ဆိုရင် ကျနော်တို့ ဆေးခန်းပြခွင့် ရှိတယ်ပေါ့နော်။ အခု ဒီစစ်ပွဲဖြစ်တဲ့ တစ်လျှောက်လုံးမှာ ဆေးခန်းပြခွင့် မရှိတော့ ဘူး။ တစ်လလောက်ကြာမှ ဆေးခန်းတစ်ခါ ပြခွင့်ရှိလာတယ်ပေါ့နော်။”

လွိုင်ကော်ထောင်ထဲက အကျဥ်းသားများထဲ အမျိုးသမီးအကျဥ်းသူများ အတွက် ပိုစိတ်ပူရသည့် အနေအထား မျိုး ဖြစ်နေသည်ဟု ကရင်နီ နိုင်ငံရေး အကျဥ်းသားများအစည်းအရုံး KPPA က တာဝန်ရှိသူက ဆက်ပြောသည်။

ကိုထားဖိုးက “အမျိုးသမီးကတော့ပိုပြီးစိတ်ပူရတာပေါ့ ၂၀၂၂တုန်းကလဲတိုက်ပွဲဖြစ်တဲ့အချိန်မှာ အမျိုးသမီးသုံး လေးယောက် လောက်က hart attack ပုံစံဖြစ်ပြီးတော့ မေ့လဲကျသွားတာတွေရှိတယ်။ ပြီးတော့ အသက် ကယ်ဆေး ထိုးပေးရတာတွေ အောက်ဆီဂျင် ပေးရတာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ အခုလို ရှည်ကြာပြီး ဖြစ်နေတဲ့ အတွက်ပေါ့ သူတို့ စိတ်ပိုင်းဆိုငိရာမှာ ထိခိုက်မှုတွေ ရှိခဲ့တဲ့အတွက် ပိုပြီး ထိခိုက်သွားနိုင်တယ်ပေါ့ နော်” ဟု ပြောသည်။

လက်ရှိ လွိုင်ကော်အကျဥ်းထောင်ထဲက အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ email ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားလာခြင်းမျိုး မရှိသေးပေ။

ယခုလ (ဒီဇင်ဘာလ) ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့၌လည်း အကျဉ်းထောင်အနီးတွင် ကရင်နီပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း အသုံးပြု တိုက်ခိုက်မှုပင် ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။