စစ်ကောင်စီက ဖမ်းဆီးသွားသည့် အမျိုးသား ခေါင်းဖြတ်အသတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။

လောင်းလုံးမြို့တွင် စစ်ကောင်စီတပ်က အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် ခေါင်းဖြတ်သတ်သွားခဲ့ သည်ဟု ဒေသခံ ရွာသား များက ပြောသည်။

တစ်ရက်အကြာတွင် စစ်ပြဲကျေးရွာအရှေ့ဘက်ရှိ ရေကန်ထဲတွင် ခေါင်းမပါသည့် အဆိုပါ အမျိုးသား၏ အလောင်းအား စွန့်ပစ်ထားသည်ဟု ရွာသားများက ပြောသည်။ 

အသက် ၄၀ခန့်အရွယ် အမျိုးသားတစ်ဦးက “သူက နာတာရှည် တီဘီရောဂါသည် တစ်ယောက်ပါ၊ ကျန်းမာရေး မကောင်းလို့ ဘယ်မှလည်း သွားလာတဲ့သူ မဟုတ်ပါဘူး” ဟု ပြောသည်။ 

ဖမ်းဆီးခံသူမှာ လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာအုပ်စု၊ ပိန်းရှောင်ကျေးရွာက အသက် ၃၀ နှစ်အရွယ် ကိုတိုးနိုး ဆိုသူ ဖြစ်သည်။ 

၎င်း၏ ဦးခေါင်းမပါသော အလောင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်တွေခဲ့ကြခြင်း ဖြစ်သည်။ 

ဦးခေါင်းမရှိတော့သည့် ကိုတိုးနိုး ခန္ဓာကိုယ်ပိုင်းကို ကွန်ကရစ်တိုင်တွင် ကြိုးနှင့် ပူးချည်ပြီး ရေကန်ထဲသို့ ပစ်ချ ထားခဲ့သည့်အပြင် ဦးခေါင်းကို ရွာထဲရှိ ငှက်ပျောတောအထဲတွင် စွန့်ပစ်ထားသည်ဟု ရွာသားများက ဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက စစ်ပြဲကျေးရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုတိုးနိုးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ 

အလားတူ ကိုတိုးနိုးနှင့်အတူ အဖမ်းခံထားရသည့် စပါးသယ်နေသူ အမျိုးသား ၃ ဦးမှာလည်း ယနေ့အချိန်ထိ အဆက်အသွယ် မရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြရသည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။ 
ဒီဇင်ဘာ ၂၇ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် စစ်ပြဲကျေးရွာဘက်သို့ စစ်ကြောင်း တစ်ကြောင်း၊ လေးသွန်းခံကျေးရွာဘက်သို့ တစ်ကြောင်းဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ရောက်လာကြခြင်း ဖြစ်သည်။ 

စစ်ကောင်စီတပ်၏ စစ်ကြောင်းနှစ်ကြောင်း ပူးပေါင်းကာ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ ညနေပိုင်းက စစ်‌ပြဲနှင့် လေး သွန်းခံကျေးရွာထဲရှိ အရပ်သားပြည်သူများပိုင် နေအိမ် ၁၀ ခန့်ကို မီးရှို့သွားခဲ့သေးသည်ဟု ရွာသားများက ဆို သည်။ 

စစ်ကောင်စီ စစ်ကြောင်းသည် ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် အောက်ရေဖြူကျေးရွာအုပ်စုထဲသို့ ရောက်ရှိနေပြီး PDF စခန်းတစ်ခုနှင့် ရွာသားများ၏ ဆိုင်ကယ်ဆယ်စီးခန့်ကိုလည်း မီးရှို့ခဲ့ကြသည်။ 

စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့များကြောင့် စစ်ပြဲ၊ ဂေါ့အင်းနှင့် အောက်ရေဖြူအပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ရွာသားများ စစ်ဘေးရှောင်တိမ်းနေကြရသည်။