ရခိုင် ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ ၁၆၀ ကျော် ပင်လယ်ပြင်တွင် ဖမ်းခံရပြီး ထောင်ဒဏ်များ ချခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်။
ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ မလေးရှားနိုင်ငံသို့ ထွက်ခွာလာသော ရိုဟင်ဂျာ ၁၆၇ ဦးကို ဧရာဝတီတိုင်း အတွင်း ပင်လယ်ပြင်၌ အဖမ်းခံရပြီးနောက် ထောင်ဒဏ် အသီးသီး ချမှတ်လိုက်သည်ဟု တရားရေးဌာန အသိုင်း အဝိုင်းထံမှ သိရသည်။
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီးတွင် စစ်ကောင်စီ၏ ရေတပ်က ဖမ်းဆီးခဲ့သော ရိုဟင်ဂျာ အမျိုးသား အယောက် ၈၀ ဦးနှင့် အမျိုးသမီး အယောက် ၈၇ ဦးတို့ကို ငပုတောမြို့နယ် တရားရုံးက နိုင်ငံသား မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၆၃ – က ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
မြန်မာ မူဆလင် လူငယ်ကွန်ရက် အဖွဲ့ဝင် ကိုထွန်းဦးက ” မြန်မာပြည်ထဲက သူတွေပါ ရခိုင်က ဒုက္ခသည်စခန်းမှာ ဒုက္ခရောက်နေလို့ မလေးမှာ အလုပ်လုပ်ဖို့ ထွက်လာတာ။ အခုတော့ အဖမ်းခံရပြီး ထောင်ပါ အချခံရတယ်” ဟု ပြောသည်။
ယခုထောင်အချခံလိုက်ရသူ ရိုဟင်ဂျာ အယောက် ၁၆၇ ဦးမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ လဆန်းပိုင်းက စစ်ကောင် စီရေတပ်က ဖမ်းဆီးခဲ့သူများဖြစ်ကြသည်။
ထောင်ချခံသော ရိုဟင်ဂျာများထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသည့် ယောက်ကျားလေး နှင့် မိန်းခလေး ၃၅ ဦး ပါဝင်ပြီး ၎င်းတို့မှာ လူငယ်သင်တန်းကျောင်းနှင့် မိန်းခလေး သင်တန်းကျောင်းတို့တွင် နေရမည်ဖြစ်သည်။
အဆိုပါ အသက်မပြည့်သေးသည့် ရိုဟင်ဂျာကလေးများမှာ အသက် ၁၈ နှစ်ပြည့်သည့်အချိန်အထိ နေထိုင်ရမည် ဟု တရားရုံးဝန်ထမ်း တစ်ဦးက ပြောဆိုသည်။
ယခုဖမ်းဆီးထောင်ချခံလိုက်ရသည့် ရိုဟင်ဂျာများမှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်၊ ဘူသီးတောင်နှင့် မောင်တောမြို့ရှိ ဒုက္ခသည်စခန်းများမှ ရေလမ်းခရီးဖြင့် ထွက်လာကြသူများ ဖြစ်သည်။
၎င်းတို့မှာ ဟိုင်းကြီးကျွန်းအနီး၌ စက်လှေပျက်နေစဉ် စစ်ကောင်စီ၏ ရေတပ်က နိုဝင်ဘာလ ၂ ရက်နေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူအင်အားဦးစီးဌာနက အရာရှိတစ်ဦးက “ရခိုင်ပြည်နယ်ထဲ က ရိုဟင်ဂျာတွေ ဆိုတာ စစ်ဆေးပေါ်ပေါက်တယ်။ ဒါပေမယ့် ကန့်သတ် နယ်မြေကို ဖြတ်ကျော်လာတာကြောင့် လဝက ဥပဒေ နဲ့ အရေးယူခံရတာပါ။ အပြစ်ဒဏ် ကျခံပြီးရင်တော့ နေရပ်ကို ပြန်ပို့ပါတယ်” ဟု ပြောသည်။
ထိုရိုဟင်ဂျာများကို စက်လှေဖြင့် ပို့ဆောင်ပေးခဲ့သည့် ရခိုင် နှင့် ဗမာလူမျိုး ၁၀ ဦးကိုလည်း ဖမ်းဆီးရမိထားပြီး လူကုန်ကူးမှု ဥပဒေနှင့် အမှုဖွင့် စစ်ဆေးနေဆဲဖြစ်ကာ သိမ်းဆည်းရမိထားသော စက်လှေနှင့် လက်ကိုင်ဖုန်း၊ ငွေကြေးများကိုမူ ရေတပ်က သိမ်းယူထားသည်ဟု ငပုတောမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
၂၀၂၃ ခုနှစ် ဧပြီလ၊ မေလ၊ ဩဂုတ်လ နှင့် နိုဝင်ဘာလအတွင်း ဧရာဝတီတိုင်းအတွင်းက ပင်လယ်ကမ်းရိုးတန်း မြို့ နယ်များဖြစ်သည့် လပွတ္တာ၊ ငပုတော၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်းမြို့နှင့် ဂေါ်ရန်ဂျီကျွန်း အနီး ပင်လယ်ပြင်မှ ရိုဟင်ဂျာ အမျိုးသား/အမျိုးသမီး ၃၅၁ ဦးကို စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ တရားရုံးများက ထောင်ဒဏ် အသီးသီး ချခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့် မြန်မာနိုင်ငံဘက်ခြမ်း ရခိုင်ပြည်နယ် အတွင်းက ရိုဟင်ဂျာများမှာ ပင်လယ်ရေလမ်း မှ မလေးရှားနိုင်ငံကို အလုပ်အကိုင် အခွင့်အလမ်းအတွက် သွားကြရာ ရေလမ်းထိစပ်မှုရှိသော ဧရာဝတီတိုင်း ပင် လယ် ကမ်းရိုးတန်းဒေသကို ရောက်ရှိလာလေ့ ရှိသည်ဟု ဒေသခံများက ဆိုကြသည်။