မြိတ်ထောင်မှ ပြန်လွတ်လာသူများထဲတွင် နိုင်ကျဥ်း ၃ ဦးသာပါဝင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။
မြိတ်အကျဥ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဥ်းသား ၃ ဦးသာပါဝင်မှုရှိကြောင်း မြိတ်အကျဥ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန္နဝါရီလ ၄ ရက်နေ့တွင် မြိတ်အကျဥ်းထောင်မှ အကျဥ်းသား ၇၄ ဦးနှင့် အကျဥ်းသူ ၁၁ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးထောင်ချခံထားရသူ ၃ ဦး သာ ပါဝင်သည်။
အကျဥ်းထောင်ရှေ့တွင်သွားရောက်စောင့်ဆိုင်းနေသူ အမျိုးသမီးတစ်ဦးက “ရာဇဝတ်မှုနဲ့သူတွေ၊ ရဲပြေး၊ စစ် ပြေးတွေနဲ့ လွတ်ရက်နီးတဲ့သူတွေပဲ လွှတ်တာတွေ့ရတယ်၊ မနက်အစောကြီးထဲက စောင့်နေတာ။ နေ့လယ် ၁၂ နာရီ လောက်မှ လွှတ်ပေးတာ” ဟု ပြောသည်။
မြိတ်အကျဥ်းထောင်ရှေ့တွင် အချို့နိုင်ငံရေး အကျဥ်းသား မိသားစုဝင်များ လာရောက်စောင့်ဆိုင်းခဲ့ကြသော် လည်း ပြန်လွတ်လာသည့်သူများထဲ မပါခဲ့ကြပေ။
အလားတူ ထားဝယ် အကျဥ်းထောင်တွင်လည်း အကျဥ်းသား ၆၀ ကျော် ပြန်လည်လွတ်မြောက်လာပြီး နိုင်ငံရေး အကျဥ်းသား အချို့ ပါဝင်သည်ဟု အကျဉ်းဦးစီးနှင့်နီးစပ်သူများက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်နေ့ ၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဥ်းသား ၉၇၀၀ ကျော်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လွှတ် ပေးခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် လွတ်လပ်ရေးနေ့တွင် နိုင်ငံတဝှမ်း အကျဉ်းချခံထားရသူ အကျဉ်းသား (၉၆၅၂) ဦးအား ရာဇဝတ် ကျင့် ထုံးဥပဒေ ပုဒ်မ ၄၀၁-၁ ဖြင့် လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တို့အပါအဝင် နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာပါဝင်ကြောင်း သိရသည်။