မိုးမိတ်မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းကို TNLA သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။

ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်၊ စင့်ကင် (ကျန့်ကန်) ကျေးရွာတွင် ရှိသော စစ်ကောင်စီတပ်စခန်းကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဇန္နဝါရီလ ၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့သည်။

မိုးမိတ်မြို့နယ်၊ စစ်ကောင်စီ လက်အောက်ခံ တပ်များ ဖြစ်သည့် စခက-၂၁ နှင့် ခလရ-၂၂၃ အခြေချ တပ်ဆွဲထား သည့် စင့်ကင် (ကျန့်ကန်) တပ်စခန်းကို ဇန္နဝါရီလ ၃ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်အကြာ ဇန္နဝါရီလ ၅ ရက်နေ့မှာ အပြီးသတ် ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မိုးမိတ်မြို့တွင် နေထိုင်သူ ဒေသခံတစ်ဦးက “မနေ့ (ဇန္နဝါလ ၄ ရက်) က မြို့ထဲကနေ လက်နက်ကြီးပစ်သံတွေ ဆက်တိုက်ကြားနေရတယ်။ ဒီနေ့မနက်ထိပေါ့ အခုတော့ ဘာမှ မကြားရ‌တော့ဘူး” ဟု ပြောသည်။

အဆိုပါ စင့်ကင် (ကျန့်ကန်) စခန်းသိမ်းတိုက်ပွဲထဲ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

၃ ရက်ကြာ စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်က ပစ်ခက်လိုက်သော လက်နက်ကြီးကျည်ကြောင့် လယ်လုပ် နေသည့် ဒေသခံ လင်မယားနှစ်ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုးမိတ်မြို့ခံ အမျိုးသားတစ်ဦးကလည်း “တိုက်ပွဲက မနေ့ (၄ ရက်နေ့) က ဖြစ်တယ်လို့ ကြားတယ်။ ဒီနေ့တော့ ဘာသံမှ မကြားရတော့ဘူး၊ ပြီးပြီလားတောင် မသိဘူး” ဟု ပြောသည်။

PSLF/TNLA တပ်က အဆိုပါ စင့်ကင် (ကျန့်ကန်) စစ်တပ်စခန်းကုန်းကို တိုက်ခိုက်နေချိန်အတွက် မိုးမိတ်မြို့ ဘက်ရှိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဆိုကြသည်။

မိုးမိတ်မြို့ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီး ပစ်ခက်တိုက်ခိုက်မှု (၁၇) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု Jet fighter ဖြင့် (၂) ကြိမ် တိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

အလားတူ တအာင်းတပ် TNLA သည် ဇန္နဝါရီလ ၁ ရက်နေ့ကလည်း မိုးဘုံ၊ မန်ပတ် တွင် ရှိသော စစ်ကောင်စီ တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သေးသည်။

ထို့ကြောင့် လက်ရှိတွင် မိုးမိတ်မြို့နယ်ထဲ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က စစ်ကောင်စီ၏ တပ်စခန်း ၄ ခုအား သိမ်းပိုက်ထားပြီ ဖြစ်သည်။