စစ်ရေးပဋိပက္ခကြားက ကော်ယော် (ခေါ်) မနုမနော တိုင်းရင်းသားများ၏ အမျိုးသားနေ့
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။
စစ်ရေးပဋိပက္ခများအကြား ရိုးရာယဥ်ကျေးမှု ဓလေ့များ ပျောက်ပျက်မသွားစေရန် ကော်ယော် (ခ) မနုမနော တိုင်းရင်းသားများ အမျိုးသားနေ့ပြုလုပ်ခဲ့ကြသည်။

ကော်ယော်လူမျိုးစုသည် ကရင်နီပြည်နယ်ရှိ လူမျိုး၉မျိုးထဲတွင် ပါဝင်သည်။ ယခင်က (မနုမနော)လူမျိုး ဟု ခေါ်ကြပြီး လူဦးရေအားဖြင့် ၃၀၀၀၀ ခန့်ရှိသည်။

ကော်ယော် (မနုမနော) အမျိုးသားနေ့ကို ၂၀၀၁ ခုနှစ်၊ ဇန္နဝါရီလ ၃ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး အမျိုးသားနေ့ ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၂၃ နှစ်ရှိပြီ ဖြစ်သည်။

ကော်ယော်လူမျိုးစု၏ စာပေနှင့် ရိုးရာယဥ်ကျေးမှုများကို မျိုးဆက်သစ်လူငယ်များအား ဆက်လက် လက်ဆင့် ကမ်း သယ်ဆောင်သွားနိုင်ရန် ရည်ရွယ်ပြီး အမျိုးသားနေ့အား ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ကော်ယော်လူမျိုး အများစုသည် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အတွင်း နေထိုင်ကြပြီး ရှမ်းပြည်နယ် အတွင်း၌ လည်း အခြေချ နေထိုင်သော သူများလည်း ရှိသည်။

ရိုးရာယဥ်ကျေးမှုကို ထိန်းသိမ်းနေရသည့်အပြင် တစ်ဖက်တွင်လည်း စစ်အာဏာရှင်ကိုပါ တော်လှန်နေကြပြီး ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ တပ်ခွဲ ၃ သည် ကော်ယော် လူမျိုးအများစုနှင့် ဖွဲ့စည်းထားသော တပ်ရင်းတစ်ရင်း ဖြစ်ပါသည်။
၂၀၂၁ တွင် စတင်ခဲ့သည့် နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်ကို တော်လှန်ရင်း တိုက်ပွဲအတွင်း ကော် ယော် လူမျိုး ၅ ဦး ကျဆုံးခဲ့သည်။