လွတ်လပ်ရေးနေ့ လွတ်ငြိမ်း၌ ရှမ်းပြည်နယ်အတွင်း နိုင်ကျဉ်း ဆယ်ဂဏန်းခန့်သာ ပါဝင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။
ရှမ်းပြည်နယ်အတွင်း အကျဉ်းထောင်များမှ အကျဉ်းသား ၄၅၀ နီးပါး လွတ်မြောက်လာသော်လည်း နိုင်ကျဉ်း ဆယ်ဂဏန်းခန့်သာ ပါသည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။
စစ်ကောင်စီ၏ ၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိန်းအမှတ် ဇန္နဝါရီလ ၄ ရက်နေ့ လွတ်ငြိမ်းချမ်းသာ ခွင့် အရ လွတ်မြောက်လာကြခြင်း ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် ဆယ်ဂဏန်း ဝန်းကျင်ခန့်သာ ပါဝင် ခဲ့သည်။
တောင်လေးလုံးထောင်မှ လွတ်မြောက်လာသည့် နိုင်ကျဉ်း မိသားစုဝင်တစ်ဦးက “အဖေကတော့ လွတ်လာ တယ်။ သူက လွတ်ရက်နီးပြီလေ။ မောင်လေးတော့ မပါသေးဘူး။ သူ့အတွက် ဆုတောင်းရဦးမယ်။ နိုင်ကျဉ်းက တော့ မပါသလောက်ပါပဲ။ လွတ်ရက်နီးတဲ့ သူတိုင်း လွတ်ပေးတာလည်း မဟုတ်ပြန်ဘူး။ သူတို့ ဘယ်လိုစိစစ်လဲ မသိဘူး။ လူသတ်မှု တော်တော်များများတော့ လွတ်တယ် ကြားတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံး အကျဉ်းထောင်မှ ၃၀၄ ဦး လွတ်မြောက်လာပြီး နိုင်ကျဉ်း ၁၆ ဦးသာ ပါဝင်သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူက ပြောသည်။
အလားတူ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ အကျဉ်းထောင်မှလည်း နိုင်ငံခြားသား ၂၈ ဦး အပါအဝင် ၈၆ ဦး လွတ်မြောက်လာပြီး နိုင်ကျဉ်းစာရင်းဝင် သတင်းသမား ၃ ဦးသာ ပါဝင်သည်ဟု ဆိုသည်။
ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး အကျဉ်းထောင်မှလည်း အယောက် ၅၀ နီးပါး လွတ်မြောက်လာပြီး နိုင်ကျဉ်း တစ်ယောက်မှ မပါဝင်ဘူးဟု မိသားစုဝင် တစ်ဦးက ပြောသည်။
“၅၀ ထဲဆိုတော့ အစကတည်းက မမျှော်လင့်ထားပါဘူး။ ကျမတို့ သိသလောက်တော့ နိုင်ကျဉ်းမပါဘူး။ ပါ လည်း တစ်ယောက် နှစ်ယောက်ပေါ့။ မပါဖို့က များပါတယ်။ သူခိုး ဓါးပြတွေ လွတ်တာတော့ အများဆုံးပဲ” ဟု ပြောသည်။
စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိန်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ ၉,၆၅၂ ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း ကလေး အကျဉ်းထောင်အပါအဝင် ထောင်အများစုမှာ နိုင်ကျဉ်း မပါဝင်ကြဘူးဟု ဆိုကြသည်။
ထို့အပြင် လွတ်မြောက်လာသည့် အကျဉ်းသား အားလုံးနီးပါးမှာ ခိုး၊ ဆိုး၊ လု၊ ယက် စသည့် ဒုစရိုက်မှု ကျူးလွန်ခဲ့သူများ ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် ထိတ်လန့် စိုးရိမ်နေကြသည်။