လွတ်ငြိမ်းချမ်းသာခွင့်တွင် လွိုင်ကော် အကျဉ်းထောင်မှ အကျဉ်းသား လွတ်မြောက်ခြင်းမရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းခွင့်တွင် မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်း သား ၉,၆၀၀ ကျော် လွတ်ငြိမ်းခွင့်ရခဲ့ကြသော်လည်း လွိုင်ကော် အကျဉ်းထောင်မှ အကျဉ်းသားများ လွတ် မြောက်လာခြင်း မရှိခဲ့ပေ။
ကရင်နီပြည်၊ လွိုင်ကော်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသော အကျဉ်းသားအချို့ ရှိခဲ့သော်လည်း တိုက်ပွဲအခြေအနေများကြောင့် အကျဉ်းထောင်အတွင်း၌ ဆက်လက်ထိန်းသိမ်းထားမည့် အနေအထားမျိုး ဖြစ်နိုင်သည်ဟု ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး KPPA တာဝန်ရှိသူက ပြောသည်။
KPPA ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက “လွတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုရင်တောင်မှ လွိုင်ကော်ထောင် ပတ် ဝန်းကျင်က စစ်ပွဲတွေ ဖြစ်နေတဲ့အတွက် နေရပ်ကို ပို့ဆောင်နိုင်ဖို့ အခက်အခဲရှိနေနိုင်တယ်။ အကယ်၍ အဲ့လို ဖြစ်မယ်ဆိုရင် လွိုင်ကော်အကျဉ်းထောင်မှာပဲ နေရာထိုင်ခင်း စီစဉ်ပေးတဲ့ အခြေအနေပေါ့နော်။ အဲ့လို အဖြစ် အပျက်ကလည်း အရင်က ကြုံဖူးတယ်။ အကျဉ်းသားတစ်ယောက် လွတ်ငြိမ်းချမ်းသာခွင့်ရတယ် သို့သော် ပြန် ဖို့ အခက်အခဲ ရှိတဲ့အတွက် လွိုင်ကော်ထောင်မှာပဲ တစ်ရက်နှစ်ရက် ဆက်နေရတဲ့ အခြေအနေမျိုး ရှိခဲ့ဖူးတယ် ပေါ့နော်” ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၄ ရက်နေ့ ၇၆ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်းရှိ အကျဉ်း ထောင် အသီးသီးမှ အကျဉ်းသားများ လွတ်မြောက်လာကြသော်လည်း လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်း သား တစ်ဦးတစ်ယောက်မှ မလွတ်လာရခြင်းမှာ အကျဉ်းထောင် အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက် ကြား စစ်ရေးတင်းမာနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကိုထားဖိုးက ဆိုသည်။
ယခင်နှစ်များတွင် လွိုင်ကော်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်ပေးခြင်းမျိုး ရှိခဲ့ပြီး ယခုနှစ်တွင် လည်း လွတ်ရက်စေ့တော့မည့် အကျဉ်းသားများလည်း ရှိနေသည်ဟု ကိုထားဖိုးမှ ဆက်ပြောသည်။
“ဆိုတော့ ခါတိုင်းလွိုင်ကော် အကျဉ်းထောင်က မပါရင် အနည်းဆုံးဆယ်ယောက် အဲ့လိုမျိုးလောက် ပါတယ် ပေါ့နော်။ ဒီတစ်ခါ ၉၀၀၀ ကျော် ပေးတယ်ဆိုတော့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာရတဲ့ အကျဉ်းသားတွေ ရှိနိုင် တယ်။ ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာလည်း ပြန်လွတ်မြောက်တော့မယ့် အကျဉ်းသားတွေလည်း ရှိတယ်ပေါ့နော်။”
စစ်ကောင်စီဘက်မှလည်း လွိုင်ကော်အကျဉ်းထောင်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန် ပြောကြားခြင်းမျိုး မရှိသေးသလို လွိုင်ကော် အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများနှင့်လည်း အဆက်အသွယ် ပြတ် သွားသည်မှာ နှစ်လခန့်ရှိပြီဟု ကိုထားဖိုးက ပြောသည်။
ထို့အပြင် အကျဉ်းထောင်တွင်းက အခြေအနေများအား စစ်ကောင်စီဘက်မှ ထုတ်ဖော် မပြောခြင်းသည် အကျဉ်းသားများ၏ အခွင့်အရေးများအား ချိုးဖောက်ရာကျသည်ဟု ကိုထားဖိုးက ဆက်ပြောသည်။
“သူတို့ လွတ်ငြိမ်းချမ်းသာခွင့်တွေ ရှိနေနိုင်တယ်။ အကယ်လို့ မရရှိဘူး ဆိုရင်တော့ ဒါလုံးဝကို လွိုင်ကော် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသား တစ်ဦးချင်းစီတိုင်းရဲ့ ရပိုင်ခွင့်ကို လုံးဝ ဖိနှိပ်ထားတဲ့ ချိုးဖောက်ခံရတဲ့ အခြေနေမျိုးဖြစ်သွားမှာပေါ့နော်။”
လက်ရှိ လွိုင်ကော်အကျဉ်းထောင်အနီးတွင် သာမကပဲ လွိုင်ကော်မြို့အတွင်းရှိ နေရာများစု၌ပါ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လွိုင်ကော်ကတော့ တိုက်ပွဲတွေနေ့စဉ်နဲ့အမျှ ဖြစ်နေဆဲပဲ။ ခွေး(စစ်ကောင်စီ)တွေနဲ့ ကျနော်တို့နဲ့တော့ မျက်နှာ ချင်းဆိုင်ပေါ့နော်။ သူ့နယ် ကိုယ့်နယ် အဲ့လိုပဲ၊ သူတိုးလိုက် ကိုယ်တိုးလိုက် အဲ့လိုပဲ လုပ်သေးတယ်။”
လတ်တလောတွင် နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီတပ်သားများက အကျဉ်းထောင် အနီးဝန်းကျင်ရှိ နေအိမ်များကိုလည်း မီးရှို့ ဖျက်ဆီးနေသည်။
KPPA ၏ စာရင်းများအရ လက်ရှိ လွိုင်ကော်အကျဉ်းထောင်အတွင်း၌ အကျဉ်းသား ၅၀၀ ကျော်ခန့် ရှိနေပြီး နိုင်ငံရေး အကျဉ်းသားပေါင်း အယောက် ၁၄၀ ကျော်ရှိနေသည်။