စစ်ကောင်စီ ဖမ်းသွားသည့် ရွာသား ၂ ဦး နှစ်ပတ်ကြာအောင် အဆက်အသွယ်ပြတ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၆ ရက်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသူ ရွာသား ၆ ဦးအနက် ၄ ဦးသားပြန်လွှတ်ပေးပြီး ကျန် ၂ ဦးမှာ ယနေ့အချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု ရွာသားများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာသားများဖြစ်ပြီး ၎င်းတို့ အနက် နှစ်ဦးမှာ နှစ်ပတ်နီးပါး ကြာ လာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု ပြောသည်။

အသက် ၅၀ နှစ်ခန့် အရွယ် ရွာသားတစ်ဦးက “ရွာထဲကနေပြီး သူတို့ ၂ယောက်ကို ခေါ်သွားတာ ဆယ်ရက်ကျော် ရှိပြီ။ အခုချိန်အထိ ဘယ်ရောက်နေလဲ၊ ဘာဖြစ်နေလဲ ဆိုတာကို မိသားစုနဲ့ရော ရွာသားတွေနဲ့ပါ အဆက် အသွယ် လုံးဝမရသေးဘူး” ဟု ပြောသည်။

အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများမှာ ရမ်းဖိုရွာသား နှစ်ဦးဖြစ်သည့် ကိုတာတေနှင့် ကိုနောင်နော ဆိုသူ တို့ ဖြစ်ကြပြီး နှစ်ဦးလုံးမှာ အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိသေးသည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းက အလုပ် လုပ်ရန်အတွက် ဆိုင်ကယ်တစ်စီးဖြင့် နှစ်ဦးအတူစီးပြီး ထွက်လာချိန် စစ်ကောင်စီတပ်ဖွဲ့နှင့်တွေ့ပြီး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့နှစ်ဦးအပါအဝင် ရွာသား ၆ ဦးကို ဖမ်းဆီးသွားပြီးနောက် ၄ ဦးအား ပြန်လွှတ် ပေးခဲ့သည်။

ကိုတာတေနှင့် ကိုနောင်နောတို့ ၂ ဦးတို့မှာမူ ပြန်လွတ်မြောက်လာခြင်း မရှိသေးသည့်အပြင် အဆက်အသွယ်ပါ မရရှိသေးသည့်အပေါ် မိသားစုဝင်များက စိတ်ပူစိုးရိမ်နေကြရကြောင်း နီးစပ်သူ ရွာသားတစ်ဦးက ပြောသည်။
ဇန္နဝါရီလ ၆ ရက်နေ့ (ယနေ့) အချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

အလားတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ ရမ်းဖိုကျေးရွာနှင့် ကပ်လျက်ရွာများ ဖြစ် သည့် ဘန်းလမွတ်ကျေးရွာ နှင့် ကမ်းတိုကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။