ရာအိမ်မှူးတစ်ဦးနှင့် အခြားတစ်ဦး ကျုံပျော်တွင် ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ဦးသန်းမင်းအောင်ဆိုသူ ရွာလမ်းမပေါ်တွင် သေနတ်ဖြင့် ပစ်ခံရသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း၊ ကျုံပျော်မြိုနယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ မဂူရိုးကျေးရွာ လမ်းမပေါ်တွင် ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က စစ်ကောင်စီခန့် ရာအိမ်မှူး ဦးသန်းမင်းအောင်ကို သေနတ်ဖြင့် ပစ်သွားခြင်း ဖြစ်သည် ဟု မဂူရိုးရွာသားတစ်ဦးကပြောသည်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “သူတစ်ယောက်ထဲ မဟုတ်ဘူး။ အပစ်ခံရတာ ၂ယောက်ဗျ။ သူနဲ့တွဲဘက် ဦးငွေသိန်းလည်း ပါတယ်။ သန်းမင်းအောင်ကတော့ နေရာမှာတင် သေနေပြီ။ ဦးငွေသိန်းကတော့ ဆေးရုံရောက်မှ သေသွားတာ” ဟု ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းမင်းအောင်မှာ နေရာ၌ပင်သေဆုံးသွားပြီး ၎င်းနှင့်အတူပါလာသည့် ဦးငွေသိန်းဆိုသူမှာမူ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်။
ပစ်ခတ်မှူဖြစ်ခဲ့ပြီးနောက် မဂူရိုးကျေးရွာအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲအင်အား အယောက် ၂၀ ကျော်ခန့် ရောက်ရှိလာပြီး ကျေးရွာအတွင်းလမ်းများနှင့် ကျေးရွာချင်းဆက် လမ်းတို့ကို ပိတ်ဆို့စစ်ဆေးခဲ့ကြ သည်ဟု မဂူရိုးရွာခံတစ်ဦးက ပြောသည်။
“သူက အရင်အုပ်ချုပ်ရေးမှူး အဟောင်းဗျ။ အာဏာသိပ်ပြချင်တာ။ ထစ်ကနဲဆို ရွာသားတွေအပေါ် လက်ပါ ချင်တယ်။ လူမုန်းတော့ များတယ်ပေါ့ဗျာ။”
ရာအိမ်မှူး သန်းမင်းအောင်သည်း ကျေးရွာနေပြည်သူများအား စစ်သားနှင့်ရဲများ အားကိုးဖြင့် ခြိမ်းခြောက်ခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းတို့အပြင် တော်လှန်ရေးအင်အားစုများ၏ သတင်းများအား စစ်ကောင်စီထံ ပေးပို့နေသူ ဖြစ်သည်ဟုဆိုသည်။
ထိုသို့ လုပ်ဆောင်နေမှုများကြောင့် ၎င်းအား သတိပေးစာ အကြိမ်ကြိမ် ပို့ခဲ့သော်လည်း ဆက်လက် လုပ်ဆောင် နေသောကြောင့် ရှင်းလင်းရခြင်း ဖြစ်ကြောင်း ပုသိမ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရာအိမ်မှူး ဦးသန်းမင်းအောင်ကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သော်လည်း မလွှဲမရှောင်သာ ၎င်း၏ နောက်လိုက် ဖြစ် သူ ဦးငွေသိန်းကိုပါ ထိခိုက်ခဲ့ရကြောင်း ပြည်သူများအနေဖြင့် စစ်ထောက်တိုင်များနှင့် ဝေးဝေးနေကြပါရန် ထုတ် ပြန်ချက်တွင်ပါရှိသည်။