နမ့်ဆန်တွင် လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သား ၅ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။

တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲခဲ့ရာ အရပ်သားပြည်သူ ၅ ဦးသေ၊ ၆ဦး ဒဏ်ရာရခဲ့သည်။

နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာကို ဇန္နဝါရီလ ၇ ရက်နေ့၊ ညနေ ၂ နာရီခွဲဝန်းကျင် အချိန်ခန့်က စစ်ကောင်စီတပ် က လေကြောင်းကနေ သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြို့သစ်ကျေးရွာတွင် နေထိုင်သူ အမျိုးသားတစ်ဦးက “ဟုတ်တယ် လေယာဉ်နဲ့ လာကြဲသွားတာ။ သေတာက တော့ အမျိုးသမီး ၃ဦး၊ အမျိုးသား ၂ဦး နဲ့ ဒဏ်ရာရတာက ၆ဦး။ ပြင်းထန်တာကတော့ ၃ဦး” ဟု ပြောသည်။

အဆိုပါ လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း စာသင်ကျောင်း နှင့် လူနေအိမ် အများအပြားလည်း ထိခိုက် ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

လေကြောင်းကနေ ဗုံးကြဲမှုကြောင့် မြို့သစ်ကျေးရွာရှိ အထက်တန်းကျောင်းနှင့် နတ်စင်အနီးက နေအိမ်များပါ ထိမှန်ခဲ့သည်ဟု ဆိုသည်။ လေကြောင်းမှ ဗုံးကြဲခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ကျတာကတော့ ၄လုံး။ လာကြဲတာကတော့ ၃ ကြိမ်လာကြဲတာ။ စာသင်ကျောင်မှာ နှစ်လုံး၊ ဘုရားလေးဆူ အောက်နား တစ်လုံးနဲ့ ရွာထဲတစ်လုံးကျတယ်။ အိမ်တွေလည်း အများကြီး ထိတယ်။ လောလော ဆယ် ဘယ်နှစ်လုံးလဲလို့တော့ အတိအကျ မသိသေးဘူး” ဟု ပြောသည်။

မြို့သစ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ လေယာဉ်နှင့် ဗုံးကြဲမှုထဲ သေဆုံးသွားသူများမှာ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) က ကျောင်း ဆရာ/ဆရာမများနှင့် ကလေးငယ်များပါဝင်သည်ဟု ဒေသတွင်း အခြေ စိုက်သည့် ရွှေဖီမြေသတင်းဌာနက ဆိုသည်။

လက်ရှိအချိန်မှာ မြို့သစ်ကျေးရွာအတွင်း ဒေသခံတွေ မနေရဲကြတော့ဘဲ လက်ဖက်ခြံနှင့် အခြား ဘေးလွှတ်ရာ တောတောင်များထဲ တိမ်းရှောင်နေကြရသည်။

ထို့အပြင် ဇန္နဝါရီလ ၇ ရက်နေ့ (ယနေ့) ည ၇ နာရီဝန်းကျင် အချိန်ခန့်က ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော် တိုက်နယ်ဘက်တွင် စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲခဲ့ခြင်းကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူများလည်းရှိနေသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

အလားတူ ဇန္နဝါရီလ ၅ ရက်နေ့တွင်လည်း နမ္မတူမြို့နယ်၊ ကုန်းဆာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ရာ ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၁၅ လုံးထက် မနည်း ထိမှန် ပျက်စီးခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။