ကျောက်မဲလေး တိုက်ပွဲနှင့် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှူကြောင့် လူအများအပြား သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၈ ရက်။
ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့ကြားရှိ ကျောက်မဲလေးကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် စစ်သား၊ အရပ်သား ထိခိုက် သေဆုံးမှု အများအပြား ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသတွင်း သတင်းရင်းမြစ်က “ကျောက်မဲလေး ဘုန်းကြီးကျောင်းမှာ အခင်းဖြစ်တဲ့နေ့ကဆို ထိထားတဲ့လူတွေရော၊ သေနေတဲ့ လူတွေရောပေါ့။ ဖြစ်တဲ့နေ့ကဆို ဘယ်သူမှလည်း လာမကူနိုင်ဘူး။ လာလည်း မကောက်ရဲကြဘူး။ ထိထားတဲ့ လူတွေကလည်း အော်နေကြတာမျိုးပါ့” ဟု ပြောသည်။
မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ကျောက်မဲလေးကျေးရွာရှိ စစ်ကောင်စီတပ် စခန်းကို တအာင်းတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တ လေး) ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၆ရက်နေ့က သွားရောက် ပစ်ခတ်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြ သည်။
တိုက်ပွဲ ဖြစ်ပွားပြီးမကြာမီအတွင်း စစ်ကောင်စီ တပ်မှ ကျောက်မဲလေးရွာကို လေယာဉ်ဖြင့် လာရောက် ပစ်ခတ် ခဲ့သကဲ့သို့ အနီးဝန်းကျင်တပ်စခန်းများမှ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသမီးတစ်ဦး က “ကျောက်မဲလေးက ရစရာတော့ မရှိတော့ဘူးတဲ့။ ထိတဲ့ဟာတွေလည်းထိ သေတဲ့ ဟာတွေလည်းသေတဲ့။ ပြည်သူတွေရော၊ စစ်တပ်ဘက်ကရောတဲ့။ သိမ်ကုန်းဘက်မှာတော့ လေယာဉ်နဲ့တဲ့ လာ ပစ်တာ။ ကျောက်မဲလေးမှာကလည်း ပြေးတဲ့ဟာကလည်းပြေး၊ မပြေးတဲ့ဟာတွေလည်းကျန်ခဲ့တဲ့။ အဲ့လူတွေ ထိတာအများကြီးပဲတဲ့။ လှမ်းပြောတာ” ဟု ပြောသည်။
ကျောက်မဲလေးကျေးရွာနှင့် သိမ်ကုန်းကျေးရွာဘက်သို့ ပြင်ဦးလွင်မြို့အနီးရှိ ညောင်ကုန်းကျေးရွာဘက်မှ ၁၂၀ မမ၊ ဟောင်ဝစ်ဇာ အတွဲလိုက်ဒုန်းများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲမှုများကို လည်း ဇန္နဝါရီလ ၆ ရက်နေ့ ပြုလုပ်ခဲ့သည်။
“ညောင်းကုန်းကနေလည်း ပစ်တယ်။ လေယာဉ်နဲ့လည်း ကြဲတယ်။ ကျောက်မဲလေးဘက်ကို ပစ်တယ်၊ ကြဲ တယ်။ သိမ်ကုန်းလည်းမကျန်ဘူး။ လေယာဉ်နဲ့လာကြဲတာ။ တော်တော်ကြီးကို ဆိုးတယ်။ အခုထိလည်း ဘယ်သူမှ မပြန်ရဲသေးဘူး။ ဒီတိုင်းထားခဲ့ကြရတာ” ဟု ဒေသတွင်း သတင်းအရင်းအမြစ်က ပြောသည်။
ကျောက်မဲလေး၊ သိမ်းကုန်ကျေးရွာများဘက်သို့ ဇန္နဝါရီလ ၆ ရက်နေ့က စစ်ကောင်စီတပ်၏ လေယာဉ်၊ ဂျက် ဖိုက်တာများ အသုံးပြုပြီး ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဇန္နဝါရီလ ၇ ရက်နေ့ကလည်း လေယာဉ်များ အကြိမ်ကြိမ် ထပ်မံ ပျံဝဲနေသောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဇန္နဝါရီလ ၆ ရက်နေ့ ကျောက်မဲလေးကျေးရွာမှ ပြည်သူများ ပိတ်မိခဲ့ပြီး ပစ်ခတ်မှုများ ငြိမ်သွားချိန်တွင် ဘေးလွတ်နိုင်မည့် အခြားနီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယနေ့ (ဇန္နဝါရီလ ၈ ရက်နေ့) အချိန်ထိ ၎င်းတို့၏ ရွာထဲသို့ မပြန်ရဲကြသေးဟု ဆိုကြသည်။
ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့ကြားရှိ ကျောက်မဲလေးကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲထဲ စစ်ကောင်စီ တပ်က Mi-35 ၊ ဂျက်ဖိုက်တာများဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး လွယ်ဆိုင်တောင်အနီး တဝိုက်သို့လည်း ဂျက်ဖိုက်တာဖြင့် လေးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားသည်။