ဆိုင်းတောင် တိုက်ပွဲအတွင်း ပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သား ပြည်သူ နှစ်ဦး ကျည်ထိမှန်သေဆုံးသွားသည်။
ကျည်ထိမှန်သေဆုံးသွားသူ နှစ်ဦးမှာ အမျိုးသားများ ဖြစ်ကြသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “လင်းလက်ကြယ်စင် ရွှေဆိုင်ရှေ့မှာ တစ်လောင်း၊ ဟိုမှော်ရှန် ဆိုင်းဘုတ်နားမှ တစ်လောင်း နှစ်လောင်း လေ။ ၂ ယောက်လို့ပဲ ပြောရမယ် ထင်တယ်။ တချို့ကလည်း သတင်းတွေတော့ ထွက်နေတာ ၃ ယောက်လို့လည်း ပြောတယ် ၄ ယောက်လို့လည်း ပြောတယ်။ ကိုယ်တိုင်းလည်း သွားကြည့်ဖို့က ခက်နေတယ်။ ကျနော်သိတာတော့ ၂ ယောက်ပဲ တိုက်ပွဲဖြစ်တဲ့နေ့ကတော့ လူတိုင်းကတော့ အကုန်လုံးကြောက်နေကြတာ” ဟု ပြောသည်။
KIA နှင့် စစ်ကောင်စီတပ်တို့အကြား ဇန်နဝါရီလ ၂၁ ရက်နေ့၌ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုက်ပွဲအတွင်းမှ ပစ်ခတ်လိုက်သည့် ကျည်မှာ အရပ်သား နှစ်ဦးကို ထိမှန်ကာ သေဆုံးသွားခြင်း ဖြစ် သည်ဟု ဆိုင်းတောင် ဒေသခံများက ပြောသည်။ သို့သော် မည်သည့်အဖွဲ့က ဖြစ်လိုက်သည်ကို အတည် မပြု နိုင်ဘူးဟု ဆိုကြသည်။
ဆိုင်းတောင်တိုက်ပွဲအတွင်း ဒေသခံအချို့၏ နေအိမ်များလည်း ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦး က ဆက် ပြောသည်။
“သူငယ်ချင်းရဲ့ အိမ်ကတော့ အိမ်ကိုထိတာ ကျည်ဝင်ခဲ့တာလို့ အပေါ်ထပ်ကို ထိတယ်။ လမ်းမကြီးတစ်လျှောက် စစ်ကောင်စီတွေ ဆင်းလာတော့ ပစ်ကြတာ။ အိမ်တွေလည်း ကျည်ထိတာ များတယ်။ အခု သေသွားတဲ့သူတွေ ကတော့ အမျိုးသားတွေပဲ။ ပိုင်ရှင်မဲ့ဖြစ်သွား တာ” ဟု ပြောသည်။
ဇန္နဝါရီလ ၁၉ ရက်နေ့တွင် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့တို့က ဝှေခါကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဇန္နဝါရီလ ၂၁ ရက်နေ့တွင် ဆိုင်းတောင် စစ်ကောင်စီစခန်းမှ စစ်ကူလာသည့် စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒေသခံ အမျိုးသာတစ်ဦးက “ဆိုင်းတောင်ကတော့ တော်တော် ဗြောင်းဆန်သွားတယ် ပြောရမယ်။ ဝှေခါစခန်း သိမ်း လိုက်တော့ ၁၀ နာရီလောက်မှ စစ်ကောင်စီတပ်သားတွေ ပြေးလာတာ။ ဆိုင်းတောင်ကို ဝင်လာတော့ စစ်ကူတွေနဲ့ ပြန်ပစ်ကြတာ။ ဆိုင်းတောင်စစ်တပ်က ကား ၂စီးနဲ့ စစ်ကူပေးတော့ ပစ်ကြတာပါ။ ဆိုင်းတောင်ရဲ့ သင်္ချိုင်းအနားမှာ ပစ်ကြတာ” ဟု ပြောသည်။
ဇန္နဝါရီလ ၁၉ ရက်နေ့တွင် ဝှေခါကျေးရွာရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ၄၂ စခန်းအား သိမ်းပြီးနောက် စစ်ကောင်စီတပ်သား ၅ ဦးကို အရှင်ဖမ်းမိခဲ့ပြီး သေသူများလည်း ရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။
ဝှေခါကျေးရွာတွင် ဇန္နဝါရီလ ၆ ရက်နေ့မှ စတင်ကာ KIA နှင့် KPDF ပူးပေါင်းအဖွဲ့တို့က စစ်ကောင်စီ လက် အောက်ခံ ရဲစခန်းနှင့် ဗျူဟာကုန်းစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ တပ်စခန်းကုန်းများကို ဇန္နဝါရီလ ၁၉ ရက်နေ့တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။